Home » စစ်ရှောင်စခန်း မီးရှို့ခံရပြီးနောက် သနန်စစ်ရှောင်တွေ ဟုမ္မလင်းကို တိမ်းရှောင်လာ

စစ်ရှောင်စခန်း မီးရှို့ခံရပြီးနောက် သနန်စစ်ရှောင်တွေ ဟုမ္မလင်းကို တိမ်းရှောင်လာ

by Homeland Author

တမူးခရိုင် သနန်ကျေးရွာက အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ အိန္ဒိယနိုင်ငံ အလှော်ကျေးရွာအနီးက စစ်ရှောင်စခန်းကို ကူကီးလက်နက်ကိုင်အဖွဲ့က မီးရှို့ဖျက်ဆီးလိုက်တာကြောင့် ဟုမ္မလင်းမြို့ကို တိမ်းရှောင်လာခဲ့ကြတယ်လို့ သိရပါတယ်။

သနန်စစ်ဘေးရှောင်တွေဟာ အိန္ဒိယ – မြန်မာနယ်စပ် အလှော်စခန်းကနေ အိုခရူ၊ အဲဒီကတစ်ဆင့် လေရှီးကို ဖြတ်သန်းပြီး ဟုမ္မလင်းမြို့ကို ရောက်လာခဲ့တာဖြစ်ကာ လမ်းခရီးတစ်လျှောက် ၅ ရက်ခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

အိုခရူကနေ လေရှီးအထိ သွားလာဖို့ ကားခ ကျပ် ၁၄ သိန်းခန့် ကုန်ကျခဲ့ပြီး လေရှီးကနေ ဟုမ္မလင်းအထိ ခရီးစဉ်အတွက်တော့ နာဂစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က အကူအညီပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ဘေးရှောင်တွေဟာ ဇွန်လ ၄ ရက်နေ့မှာ ဟုမ္မလင်းမြို့ကို ရောက်ရှိလာခဲ့ပြီး မိသားစု ၅ စု၊ လူဦးရေ ၁၆ ဦး ရှိတယ်လို့ သိရပါတယ်။

အဲဒီ စစ်ဘေးရှောင်တွေကို ချင်းတွင်းဥရု ရှမ်းနီလူငယ်ကွန်ယက်နဲ့ မြို့မစစ်ဘေးရှောင် ကူညီရေးအဖွဲ့တို့ ပူးပေါင်းပြီး ဆန်၊ ဆီ၊ ဆား၊ သွားတိုက်ဆေး၊ ခြင်ထောင်၊ ဆပ်ပြာ၊ ကုလားပဲ၊ ခေါင်းလျှော်ရည်၊ ပလပ်စတစ်ပုံးတွေအပြင် မီးဖိုချောင်သုံးပစ္စည်းတွေ ပါဝင်တဲ့ Kitchen Set ၃ စုံကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ သနန်ရွာမှာ ရှမ်းနီလူမျိုး ၃၇ ဦးကို ကူကီးလက်နက်ကိုင်တပ်ဖွဲ့ (KNA-BURMA) က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ISP Myanmar က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။

related posts

Leave a Comment