ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံကျေးရွာက ဒေသခံ မွတ်ဆလင် ၁၇၀ ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က မေလ ၁၉ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ် မေလ ၂ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်နဲ့ AA တို့ တိုက်ပွဲအတွင်း ဘေးလွတ်ရာသို့ အလံဖြူတွေ ကိုင်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ မွတ်ဆလင်တွေကို AA တပ်ဖွဲ့ဝင်တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာလို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ဆိုပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) အနေနဲ့ သေဆုံး၊ ပျောက်ဆုံးခဲ့တဲ့ မွတ်ဆလင် ၁၇၀ ကျော်ရဲ့ အမည်စာရင်းကို အတည်ပြုနိုင်ခဲ့ပြီး အဲဒီအထဲမှာ အနည်းဆုံး ကလေးငယ် ၉၀ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
မွတ်ဆလင် တက်ကြွလှုပ်ရှားသူတွေရဲ့ တွက်ချက်မှုအရ အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ ၅၀၀ အထိ မြင့်မားနိုင်တယ်လို့ ယုံကြည်ကြကြောင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှ အသက်ရှင်လွတ်မြောက်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကာ ကော့စ်ဘဇားရှိ မွတ်ဆလင် ဒုက္ခသည်စခန်းတွေကို ရောက်ရှိလာခဲ့ပြီး တစ်နှစ်ကျော်အကြာမှသာ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ တွေ့ရှိချက်တွေဟာ AA တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ သို့မဟုတ် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့ဝင်တွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း HRW ထံ ပေးပို့တဲ့ AA ရဲ့ စာပါငြင်းဆိုချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ HRW က ဖော်ပြပါတယ်။