Home » SSPP က KIA နဲ့ပူးပေါင်းပြီး SNA ကို တိုက်ခိုက်မှု သျှမ်းနီပြည်သူတို့ မလိုလား

SSPP က KIA နဲ့ပူးပေါင်းပြီး SNA ကို တိုက်ခိုက်မှု သျှမ်းနီပြည်သူတို့ မလိုလား

by Homeland Author

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ပူးပေါင်းပြီး ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ကို တိုက်ခိုက်နေမှုအပေါ် သျှမ်းနီပြည်သူတို့က မလိုလားဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က မိုးညှင်းမြို့နယ် အုန်းစံဆိုင်ရွာအနီးရှိ SNA ရဲ့ တပ်စခန်းကို SSPP တပ်ဖွဲ့ဝင်တွေအပြင် ၎င်းလက်အောက်ခံအဖွဲ့တွေ နဲ့ KIA ပူးပေါင်းအဖွဲ့တို့ဟာ စစ်ကြောင်း ၃ ခုနဲ့ လာရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း SNA ဖက်က လက်နက်ခဲယမ်း နဲ့ သိမ်းဆည်ရမိခဲ့သလို SSPP စစ်ယူနီဖောင်းတွေလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက် နဲ့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေအရပါ သိရပါတယ်။

မိုးညှင်းမြို့ သျှမ်းနီတစ်ဦးက “SSPP ဆိုတာလည်း ရှမ်းတပ်ပဲလေ၊ အခုလို KIA နဲ့ ပူးပေါင်းပြီး SNA ကို လာတိုက်တာကတော့ လုံးဝမဖြစ်သင့်ဘူး။ SNA ဆိုတာလည်း သျှမ်းနီတပ်ဆိုပေမယ့် ရှမ်းတပ်ပဲလေ” လို့ ပြောပါတယ်။

အဲဒီ အုန်းစံဆိုင်ကျေးရွာမှာတော့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဟာ ၅၆၅ နဲ့ ကျားဖြူစစ်ကြောင်းတို့သာ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

SSPP ဟာ သျှမ်းပြည်မြောက်ပိုင်းမှာ တအာင်းတပ်ဖွဲ့ (TNLA)ရဲ့ နယ်မြေချဲ့ထွင်လာမှုကို KIA နဲ့ ပူးပေါင်းကာကွယ်ဖို့အပြင် နယ်မြေအပေးအယူတွေပါ လုပ်ဆောင်နေကြောင်း အဆိုပါအခြေအနေသိရှိသူက ပြောပါတယ်။

SSPP နဲ့ KIA တို့ သဘောတူညီချက်အနေဖြင့် သျှမ်း-ကချင်နယ်စပ်က နယ်မြေအချို့ကို SSPP က ထိန်းချုပ်မှာဖြစ်ကြောင်း၊ SSPP တပ်ဖွဲ့ဝင်အချို့က မိုးညှင်းမြို့နယ်မှာ KIA နဲ့ ပူးပေါင်း၍ တိုက်ပွဲဖော်ဆောင်ရမှာဖြစ်ကြောင်း သဘောတူညီချက်ရယူထားတယ်လို့ ဆိုပါတယ်။

သျှမ်းပြည်တွင်းနိုင်ငံရေးသမားတစ်ဦးက “SSPP တပ်ဖွဲ့ဝင် ၅၀ က မိုးညှင်းဖက်မှာ KIA နဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ ကြားတယ်။ မိုးညှင်းဖက်ကို ပို့လိုက်တာပေါ့။ ဒီကိစ္စမှာ SSPP လူကြီးတွေက သဘောထား မတိုက်ဆိုင်ကြဘူး။ ပေါင်းမယ့်အဖွဲ့နဲ့ မပေါင်းမယ့်အဖွဲ့ပေါ့။ ဘာလို့ဆိုရင် မိုးညှင်းမှာသွားရင် ရှမ်းတပ်အချင်းချင်း တိုက်ရမယ့်အခြေအနေဖြစ်သွားမယ်ဆိုတော့။ ဒါပေမဲ့ KIA နဲ့ ပူးပေါင်းမယ့်အဖွဲ့က အားသာမယ့် အခြေအနေမှာ ရှိနေတယ်” လို့ ပြောပါတယ်။

လက်ရှိမှာလည်း SSPP တပ်ဖွဲ့ဝင်တွေဟာ မိုးညှင်းမြို့နယ်မှာ KIA၊ PDF တွေနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သျှမ်းမြောက်မှာ TNLA က အင်အားကြီးလာတာကို KIA က ထိန်းချုပ်တာ၊ KIA ကလည်း သျှမ်းမြောက်မှာက သူရဲ့ Substate လုပ်ဖို့ ရည်မှန်းထားတာကိုး၊ အဲဒါကြောင့် သျှမ်းအဖွဲ့ကို သွားကပ်တာ၊ RCSS က သျှမ်းမြောက်မှာ မရှိတော့ SSPP ကိုပဲ သွားကပ်ရတာပဲလေ” လို့ သျှမ်းပြည်တွင်းနိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။

KIA နဲ့ ပူးပေါင်းပြီး မိုးညှင်းမြို့နယ်အတွင်း လှုပ်ရှားလာတဲ့ SSPP တပ်ဖွဲ့ဟာ ဒေသတွင်းနေ သျှမ်း၊ သျှမ်းနီလူငယ်တွေကို လူသစ်စုဆောင်းမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သျှမ်းနီပြည်သူတွေကတော့ SSPP အနေနဲ့ KIA နဲ့ ပူးပေါင်းပြီး SNA ကို လာရောက်တိုက်ခိုက်နေခြင်းထက် သျှမ်းမြောက်မှ သျှမ်းလူထုကိုသာ အကာအကွယ်ပေးမှုတွေ လုပ်စေလိုကြောင်း ပြောပါတယ်။

related posts

Leave a Comment