သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ရဲ့ ဂိတ်စခန်းတစ်ခုကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဇူလိုင် ၈ ရက်နေ့က ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။
ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာအနီးရှိ KIA ရဲ့ အခွန်ကောက်ခံတဲ့ ဂိတ်ကို MNDAA က အင်အားသုံးဖျက်ဆီးလိုက်တာကြောင့် နှစ်ဖက်တပ်ဖွဲ့အကြား အခြေအတင်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ အခုဖြစ်စဉ်ဟာ ဂိတ်ဖြတ်သန်းရေး၊ ယာဉ်တားဆီးမှုနဲ့ ဂိတ်အသုံးပြုမှုဆိုင်ရာ ကိစ္စရပ်နဲ့ ပတ်သက်ပြီး MNDAA တပ်ဖွဲ့ဝင်ကားတစ်စီးကို KIA က ငွေကောက်ခံရာမှ စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အဲဒီ KIA နဲ့ MNDAA တို့ အငြင်းပွားမှုအတွင်း KIA တပ်ဖွဲ့ဝင်တစ်ဦး ရိုက်နှက်ခံရပြီး ဦးခေါင်းကွဲသွားတယ်လို့လည်း ဆိုပါတယ်။
သျှမ်းမြောက်မှာ MNDAA၊ KIA အပါအဝင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းတပ်ဖွဲ့ (TNLA)၊ စစ်တပ်၊ ပြည်သူ့စစ် စသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတွေ အမြောက်အမြား လှုပ်ရှားလျက်ရှိပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား နယ်မြေအငြင်းပွားမှု၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အငြင်းပွားမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။