စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရှမ်းနီစစ်ဘေးရှောင်ပြည်သူတွေကို ရှမ်းနီစစ်ရှောင်ကူညီထောက်ပံ့ရေးနှင့် လူသားချင်းစာနာရေးအဖွဲ့ (SRAHO) က ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့မှာ ဆန်ရိက္ခာတွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် တောင်ဦးကျေးရွာ၊ ရာလာတီးကျေးရွာ၊ ပါဟုတ်ကြီးကျေးရွာ၊ ရေပေါ်မီးကျေးရွာ၊ တာမိန်ပုတ်ကျေးရွာ၊ သဲစလောက်ကျေးရွာ စတဲ့ကျေးရွာတွေက ဒေသခံရှမ်းနီပြည်သူတွေဟာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
အဆိုပါ ရှမ်းနီစစ်ဘေးရှောင်ပြည်သူတွေဟာ သဲဟင်းကျဲကျေးရွာနဲ့ လှည်းဝိုင်းကျေးရွာတွေမှာ စစ်ဘေးတိမ်းရှောင်နေကြပြီး SRAHO က လူသားချင်းစာနာထောက်ထားမှုအရ ဆန်ရိက္ခာတွေကို သွားရောက်ထောက်ပံ့လှူဒါန်းခဲ့တာလို့ သိရပါတယ်။
အဆိုပါ စစ်ဘေးရှောင်ပြည်သူတွေအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၃ ပြည်နှုန်းနဲ့ အိမ်ထောင်စု စုစုပေါင်း ၅၆၀ စာအတွက် ဆန်ရိက္ခာတွေကို သဲဟင်းကျဲစစ်ရှောင်စခန်း ကော်မတီအဖွဲ့ထံ SRAHO က ပေးအပ်လှူဒါန်းထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။
ရှမ်းနီစစ်ဘေးရှောင်ပြည်သူတွေကို ကူညီထောက်ပံ့နိုင်ဖို့ ဝိုင်းဝန်းလှူဒါန်းပေးကြတဲ့ အလှူရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို စစ်ဘေးရှောင်ပြည်သူတွေကိုယ်စား မိမိတို့ ရှမ်းနီစစ်ရှောင်ကူညီထောက်ပံ့ရေးနှင့် လူသားချင်းစာနာရေးအဖွဲ့ (SRAHO) က အထူးကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်အပ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရှမ်းနီစစ်ရှောင်ကူညီစောင့်ရှောက်ရေးနှင့် လူသားချင်းစာနာရေးအဖွဲ့ (SRAHO) ဟာ ဟုမ္မလင်း၊ ဗန်းမောက်၊ တမူး၊ မင်းသာ၊ သနန် စတဲ့ဒေသတွေက စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ စောင်၊ မျက်နှာသုတ်ပဝါနဲ့ ငွေကြေးထောက်ပံ့မှုတွေကိုလည်း ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။





