ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသွားကြရတဲ့ သျှမ်းစစ်ဘေးရှောင်တွေရဲ့ လယ်ယာမြေတွေကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က သိမ်းယူမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဓိကအားဖြင့် သျှမ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ မိုးညှင်း၊ မိုးကောင်း၊ မိုးမောက်၊ မန်စီ၊ ဖားကန့်၊ ဗန်းမော်၊ ဝိုင်းမော်၊ ဆော့လော်နဲ့ အင်းတော်ကြီးဒေသတွေမှာ ပိုပြီးတော့ ဖြစ်ပေါ်နေပြီး တိုက်ပွဲတွေကြောင့် တိမ်းရှောင်သွားတဲ့ သျှမ်းတွေရဲ့ နေအိမ်တွေနဲ့ လယ်ယာမြေတွေကို သိမ်းယူတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
သိမ်းယူထားတဲ့ လယ်ယာမြေတွေအား ကချင်လူမျိုးတွေကို လုပ်ပိုင်ခွင့်ပေးတာမျိုး၊ သျှမ်းတိုင်းရင်းသားတွေ လယ်လုပ်ရင်လည်း အခွန်ကို အဆမတန် ကောက်တာမျိုးတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ မင်္ဂလာဆောင်ရင်တောင် KIA ကို အခွန်ပေးနေရတယ်လို့ အင်းတော်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။
“သျှမ်းတွေတောင်မှ ရွာမပြန်ရင် လယ်ယာမြေတွေ၊ အိမ်ကအစ KIA က သိမ်းတယ်လေ အခုက။ သိမ်းပြီးတော့ လယ်မြေတွေကိုလည်း လုပ်မလား၊ မလုပ်ဘူးလား၊ လုပ်ရင်လည်း အခွန်က အကြီးအကျယ် တောင်းတယ်။ မလုပ်နိုင်ဘူးဆိုရင် သူတို့ သိမ်းလိုက်တယ်။ သိမ်းပြီးရင် သူတို့ကချင်ကို လုပ်ခိုင်းတယ်။ အဲဒါ ဗန်းမော်နယ်ဘက်မှာလည်း ဖြစ်နေတယ်။ သူတို့ လွှမ်းမိုးတဲ့နေရာဆို ဒီလိုပဲ ဖြစ်နေတာ။ အကြောက်တရားနဲ့ ပြန်လာအောင်၊ မသိမ်းအောင် လယ်သွားလုပ်၊ လယ်သွားလုပ်ရင်လည်း သူတို့ကို လုပ်ကျွေးသလိုပဲလေ။ ဟိုနေ့က ကျနော်တို့ သျှမ်းမျိုးနွယ်စုများ တွေ့ဆုံပွဲ လုပ်ကြတယ်။ လုပ်ကြတော့ အင်းတော်ကြီးက အဆိုးဆုံးပဲ တင်ပြတာ။ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ အင်းတော်ကြီးဒေသ၊ ဖားကန့် စစ်ဘေးရှောင်တွေအားလုံး တင်ပြတာ။ အင်းတော်ကြီးဒေသက ဘာဖြစ်လဲဆို မိန်းမယူမယ်၊ မင်္ဂလာဆောင်မယ်ဆိုရင် သတို့သမီးက KIA ကို ၅ သိန်းပေးရတယ်၊ သတို့သားက ၅ သိန်းပေးရတယ်။ ပြီးလို့ရှိရင် ဝက်က ပေါ်ပြီးသား အချိန် ၂၀ ပေးရတယ်” လို့ ပြောပါတယ်။
အဲဒါအပြင် လယ်လုပ်ငန်းအတွက် အခွန်ကောက်ရာမှာလည်း လယ်အခွန်အပြင် လယ်ထွန်စက်၊ ရိတ်စက်နဲ့ ထွက်ရှိလာတဲ့ စပါးအပေါ်မှာလည်း အခွန်ထပ်ကောက်တာ ဖြစ်တဲ့အတွက် သျှမ်းတောင်သူတွေဟာ KIA ကို လုပ်ကျွေးနေရသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
အခုဆိုရင် KIA တပ်ဟာ သျှမ်းဒေသခံတွေထံကနေ ကွမ်းယာဆိုင်ကအစ အခွန်ကောက်တာအပြင် ထင်းကိုလည်း ဆက်ကြေးအနေနဲ့ တောင်းနေတာတွေ ရှိတယ်လို့ မြစ်ကြီးနားဒေသခံ ခွန်တူးက ပြောပါတယ်။
“တစ်ဧကကို ဘယ်လောက်ဆို ဘယ်လောက်ပေါ့။ လယ်အခွန်ကောက်ပြီးလည်း စပါးထွက်ရင်လည်း ပြန်ကောက်တာပဲလေ။ သူတို့က အကုန်လုံးက ထွန်စက်လုပ်ရင်လည်း ထွန်စက်မှာ ကောက်ထားပြီ။ ကွန်ဒေါင်းသုံးရင်လည်း ကွန်ဒေါင်းမှာ ကောက်ထားပြီးပြီ အခွန်တွေက။ ခြွေလှေ့စက်ကအစ အကုန်လုံးဆိုတော့ လယ်လုပ်ခလည်း အခွန်ပေးရသေးတယ်။ စက်ဖိုးတွေလည်း သီးသန့် အခွန်ပေးရတယ်ဆိုတော့ ဘယ်လိုလုပ်စားတော့မလဲ။ သူတို့ကို လုပ်ကျွေးရတာနဲ့ အတူတူပဲလေ။ သူတို့ ကချင်မှာလည်း အခွန်မကောက်ဘူးလေ။ သူတို့လူမျိုးကိုလည်း စုဆောင်းရေး မဆွဲဘူးလေ။ သျှမ်းတွေကို အခွန်ကောက်တယ်။ ဆက်ကြေးတောင်းတယ်။ လူစုဆောင်းတယ်။ အကုန်လုံး အရင်းအမြစ် သူတို့လုပ်တယ်။ သျှမ်းတပ်က သွားပြီးတော့ သူတို့ကို စုဆောင်းရေးလည်း မခေါ်ဘူး။ အခွန်လည်း မကောက်ဘူး။ မလိုင်းယန်ဘက်မှာဆိုရင် KIA က ထင်းတောင်မှ ကောက်တာလေ။ တောက ထင်းတွေတောင်မှ မခုတ်တော့ဘူး သူတို့ဟာသူတို့။ အဲဒီမှာ ထင်းကအစ တစ်အိမ်ကို ဘယ်နှစ်စီး၊ ဘယ်နှစ်ချောင်းပို့။ အဲဒီလိုမျိုး ပို့ရတယ်တဲ့” လို့ ပြောပါတယ်။
အဲဒီလို KIA ရဲ့ သူတို့ထိန်းချုပ်တဲ့ ဒေသတွေမှာရှိတဲ့ သျှမ်းတိုင်းရင်းသားတွေရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လယ်ယာသုံး စက်ကိရိယာတွေအပေါ် အခွန်ကောက်တာနဲ့ လူသစ်စုဆောင်းတာတွေကြောင့် မကျေနပ်တာတွေနဲ့ တင်းမာမှုတွေ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။