Home ဆောင်းပါး ရှမ်းနီတို့၏ “ပွႆးဢွၵ်ႇဝႃႇ” ခေါ် ဆရာကန်တော့ပွဲတော်

ရှမ်းနီတို့၏ “ပွႆးဢွၵ်ႇဝႃႇ” ခေါ် ဆရာကန်တော့ပွဲတော်

by Homeland Author

ဝါလကင်းလွတ်သတင်းကျွတ်ကာလမှာ ရှမ်းနီတိုင်းရင်းသားတို့၏ “ပွႆးဢွၵ်ႇဝႃႇ” ခေါ် ဆရာကန်တော့ပွဲတော် ရိုးရာဓလေ့များကို မြင်တွေ့ရခြင်းသည် စိတ်ကြည်နူးချမ်းမြေ့ဖွယ်ရာပင် ဖြစ်သည်။

ဝါတွင်းသုံးလပတ်လုံး တရားဘာဝနာ အားထုတ်နေကြသော ဆရာတော်များအား မိုးတွင်းကာလ၌ လယ်ယာလုပ်ငန်းခွင်များအသီးသီးတွင် ရောက်ရှိနေကြသော ဆွေမျိုးတော်စပ်သူများ စုဝေးပြီး ပူဇော်ကန်တော့ကြသည့် ဘာသာရေး နှင့် လူမှုရေး ပေါင်းစပ်သော ပွဲတော်တစ်ရပ်ပင် ဖြစ်ပါသည်။ ရှမ်းနီတို့၏ ဝါကျွတ်ပွဲတော်ဆိုသည်မှာ ဆရာတော်သံဃာတော်များကို ကန်တော့ရုံသက်သက်ထက် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်များ သယ်ဆောင်လျက်ရှိပါသည်။

ဤဓလေ့သည် ဆွေမျိုးအချင်းချင်း တွေ့ဆုံကြရန် အခွင့်အရေးတစ်ရပ်လည်း ဖြစ်သည်။ ဝေးကွာနေသူများ ပြန်လည်ဆုံစည်းကြပြီး ကိုယ်ရေးကိုယ်တာ၊ လုပ်ငန်းခွင်၊ ဘာသာရေး၊ ယဉ်ကျေးမှုစသည့် အကြောင်းအရာပေါင်းစုံကို ရင်းနှီးစွာ ဆွေးနွေးတိုင်ပင်ကာ သတင်းစကားများ ဖလှယ်ခွင့် ရကြသည်။

ထိုနေ့သည် ရှမ်းနီလူမျိုးတို့၏ “ပွႆးဢွၵ်ႇဝႃႇ” ခေါ် သီတင်းကျွတ် ဆရာကန်တော့ပွဲနေ့ကို ရှမ်းနီလူမျိုးတို့နေထိုင်ရာ ဒေသအသီးသီးတွင် ကျင်းပကြသည်။

သီတင်းကျွတ် လပြည့်ကျော် ၅ ရက်နေ့သည် ဟုမ္မလင်းမြို့နယ် သက္ကယ်တောင်ကျေးရွာမှာ ရှမ်းနီတို့၏ “ပွႆးဢွၵ်ႇဝႃႇ” ကျင်းပသည့် နေဖြစ်ပြီး ဆရာတော်သံဃာတော်များအား ကန်တော့ရန် ရပ်နီးရပ်ဝေးမှ ဆွေတော်မျိုးတော်များလည်း ရောက်ရှိနေပေသည်။

ရွာဦးကျောင်းဆရာတော်ထံ ကန်တော့ကြရန် ရပ်ဝေးရပ်နီးမှ ရောက်ရှိလာကြသော ဆွေမျိုးတော်များသည် ကျေးရွာအတွင်း လှည့်လည်ကာ မိမိတို့၏ ဆွေမျိုးများနှင့် တွေ့ဆုံနေကြသည့် အခိုက်အတန့်လည်း ဖြစ်သည်။

သက္ကယ်တောင်ကျေးရွာ ဆရာတော်အား ဆွမ်းကပ်လှူ

ထိုသို့ဖြင့် ကျနော်သည် ကိုစိုင်းခမ်းတို့အိမ်သို့ ဝင်ရောက်လည်ပတ်မိပါသည်။ အိမ်ရှေ့ရှိ ဧည့်ခန်းတစ်ခွင်တွင် အသက် ၄၀ နှင့်အထက် အမျိုးသမီးကြီးများ ဆယ့်ငါးဦးခန့် နှင့် ရပ်မိရပ်ဖအချို့ စုဝေးထိုင်ကာ အခါကြီးရက်ကြီး ရယ်ရွှင်ဖွယ်ရာ စကားများ ပြောဆိုနေကြကာ ငယ်ကျွမ်းငယ်ဆွေ အတိတ်ဘဝများအကြောင်းကို အချင်းချင်း အောက်မေ့ဖွယ်ရာ ပြောဆိုလျက်ရှိနေကြသည်။

ကျနော်မှာ အိမ်၏ မီးဖိုချောင်ဘက်ရှိ လူငယ်များ စကားဝိုင်းသို့ သွားရောက်ခဲ့သည်။ အိမ်ရှင်မှ မုန့်ညင်းစော၊ ဝက်သား၊ မျှစ်ချဉ်ဆန်လှော်ချက်၊ ဟင်းစုံပေါင်း စသည့် ရိုးရာဟင်းလျာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ ထမင်းစားပြီးသည့်အခါ ကျွန်တော်တို့ လူငယ်အုပ်စုသည် လက်ဖက်ရည်သောက်ကာ အလှူအတန်း၊ သီလဘာဝနာစသော စကားအကြောင်းအရာများကို စတင်ပြောဆိုကြသည်။

လူငယ်စကားဝိုင်းဖြစ်သည်နှင့်အညီ စကားတစ်ခုမှ ပြောဆိုနေကြတဲ့အကြောင်းရာများသည် ခေတ်ပေါ်အနုပညာများအကြောင်း၊ ကုန်ဈေးနှုန်းများအကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၏ အနာဂတ်အလားအလာ၊ တစ်စတစ်စ တစ်ဖြည်းဖြည်းယိုယွင်းစပြုလာသည့် ရာသီဥတုအကြောင်း၊ ရွှေလုပ်ငန်းနှင့် ရွှေဈေးများအကြောင်းနှင့် သမီးရည်းစားအကြောင်းအရာများကို ပိုမိုပြောဖြစ်ကြသည်။

အကြောင်းအရာပေါင်းစုံ ဆွေးနွေးနေကြစဉ် အုပ်စုထဲမှ လူလတ်ပိုင်းအရွယ် တစ်ဦးက “ကျနော်စိတ်ထဲမှာ မတင်မကျဖြစ်နေတာ တစ်ခုရှိတယ်။ ကျနော်တို့ ရှမ်းနီတွေက နတ်ကို ကိုးကွယ်ကြသလား”

ထူးဆန်းသော မေးခွန်းဖြစ်သည်။ စကားဝိုင်းရှိ လူအားလုံး သူ့ဘက်သို့ အာရုံစိုက်မိကြသည်။ ဗုဒ္ဓဘာသာရေးပွဲဖြစ်သည့် ဤဆရာကန်တော့သည့် အခမ်းအနားတွင် ရှမ်းလူမျိုးများ နတ်ကိုးကွယ်ခြင်းရှိ၊ မရှိ မေးမြန်းလာခြင်းကြောင့် ဖြစ်သည်။

သက္ကယ်တောင်ရွာ ဘုန်းတော်ကြီးကျောင်း

ထိုသူမှာ မန်စော်ဆိုင်းရွာသား ကိုစိုင်းအိုက်ပီး ဖြစ်သည်။ “ကျနော် ဘုရားရှိခိုးဆွမ်းတင်တိုင်း ဘုရား၊ တရား၊ သံဃာကို ရည်စူးရင်း နယ်ရှင်ပယ်ရှင်နတ်များကိုပါ ထည့်သွင်းဆွမ်းတင်ရန် အိမ်က အဖွားက ပြောတတ်တယ်။

ကျနော်အနေနှင့် ဘုရား၊ တရား၊ သံဃာကို ရည်စူးဆွမ်းတင်နိုင်သော်လည်း နတ်များကိုရည်စူးသည့်အခါ စိတ်ထဲတွင် ‘ငါသည် အယူမှားသည့်ဝါဒကို ကိုးကွယ်နေမှုလား’ဆိုသည့် မတင်မကျအတွေးများနဲ့ သံသယစိတ် ဝင်နေတတ်သည်”ဟု သူက ဆွေးနွေးစတင်လာသည်။

စက္ကန့် ၃၀ ခန့်ကြာအောင် မည်သူမျှ မတုံ့ပြန်ကြသည်ကို သတိထားမိသဖြင့် ကျနော်သည် စကားဝိုင်းကို ရှင်သန်စေလိုပြီး ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။

“ကျနော်တို့ ရှမ်းနီတွေက နတ်ကို ကိုးကွယ်နေကြတာလား…” “အစ်ကိုတို့ဒေသရဲ့ အယူအဆကို မသိရပေမယ့် ကျနော်တို့ ပူမောက်ကမ် အနွယ်တော်တွေကတော့ နယ်ရှင်ပယ်ရှင်နတ်ကို ကိုးကွယ်တယ်လို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင် ခေါင်ရေစဉ်နတ်မှ ပူမောက်ကမ်အနွယ် ပူမောက်ဆောဝ့် မျိုးနွယ်ပါ။

သို့သော် ထိုနတ်များကို ‘နတ်မင်း’ဟု အမွှမ်းမတင်ကြပါ။ ‘အဖိုး’ဟူသော အဓိပ္ပာယ်ဖြင့် ‘ပူပူ’ဟုသာ ခေါ်ဆိုကြပြီး ရင်းရင်းနှီးနှီး မိသားစုဝင်ကဲ့သို့သာ သဘောထားကြသည်။

ကျနော် ရှမ်းနီစကားဖြင့် ပြောလိုက်သည်နှင့် ကျနော့်လေသံကို သူသတိထားမိဟန်ရှိသည်။ သူက ကျနော်ဇာတိကို မေးလာသည်။ “အစ်ကိုဘယ်ဇာတိလဲ။ အစ်ကို့ရဲ့ ရှမ်းစကားက ရှမ်းနီစကားမှန်ပေမယ့် လေသံက ဒီမြို့နယ်က မဟုတ်ဘူးထင်တယ်။

“ကျနော်က ပင်လည်ဘူး၊ ဖောင်းပြင်ဖက်ကပါ” “ဒါကြောင့် ကျနော်ရဲ့ ရှမ်းလေသံက ချစ်စရာကောင်းနေတာပေါ့”ဟု ဟာသရောက်ရောက် ဖြေလိုက်သည်နှင့် စကားဝိုင်းရှိ လူအားလုံး ပြုံးရွှင်သွားကြသည်။

ပင်လည်ဘူး၊ တုံးမွန်းကျေးရွာ “ပွႆးဢွၵ်ႇဝႃႇ” ခေါ် ဆရာကန်တော့ပွဲတော် (ဓာတ်ပုံ – Zaw Zaw)

ကျနော်ပင် ဆက်၍ စကားဆက်ပြောသည်။ “ကျနော်တို့ ရှမ်းနီဖြစ်လာမည့် ယခင်က မောရှမ်းတွေဟာ နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက ဗုဒ္ဓဘာသာ မထွန်းကားမီကပင် နတ်များကို ကိုးကွယ်ခဲ့ကြဟန်ရှိသည်။ သို့တည်းမဟုတ်လျှင် ဘာသာမဲ့များလည်း ဖြစ်ကောင်းဖြစ်နိုင်ခဲ့ကြမှာပါ။

ယင်းကိစ္စနှင့်ပတ်သက်သည့် ရာဇဝင်အထောက်အထားများလည်း ရှိခဲ့ဖူးသည်။ ယခုအခါ ဝါဝင်ဝါထွက်တိုင်း ကျင်းပသည့် ‘နတ်ကြီးတက်’၊ ‘နတ်တောင်တက်’ အစဉ်အလာများသည် ကျနော်အတွက်မူ ကွယ်လွန်သွားပြီးဖြစ်သော ပူမောက်ကမ်-မောရှမ်း စစ်သူကြီးများအား အောက်မေ့သတိရသည့် အာဇာနည်နေ့အခမ်းအနားမျှသာ ဖြစ်ပါသည်။

ယနေ့ခေတ် စစ်အုပ်ချုပ်ရေးကာလတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဒေသမှူး၊ တပ်မဟာမှူးစသူတို့ ရောက်ရှိလာပါက ၎င်းတို့၏ အရှိန်အဝါအလျောက် လက်ဖက်ရည်ဝိုင်း၊ စားသောက်ဖွယ်ရာများဖြင့် ကြိုဆိုတတ်ကြသည်မဟုတ်လား။

စကားဝိုင်းမှ စိုင်းညွန့်က ထောက်ခံသည့်အနေဖြင့် ဖြတ်ပြောလာသည် “ဟုမ္မလင်းနယ်ထဲက ထမံသီဒေသဘက်မှာ စဝ်လွဲမောက် (ခေါ်) စဝ်နွဲမောက်ဆိုသည့် နတ်ကို ပသသည့်အခါ ကြက်ဖို၊ ကြက်မများ၊ အသားဟင်းများ၊ စားဖွယ်သောက်ဖွယ်များနှင့်အတူ အရက်ကဲ့သို့သော ယမကာများပါ ဆက်သကြိုဆိုရတယ်လို့ ကြားဖူးပါတယ်။”

“ရှင်းအောင်ပြောရရင် ကျနော်တို့ နေထိုင်ရာဒေသဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေဖြစ်တယ်။ အာဏာပိုင်အဖွဲ့တွေ ကြွလာရင် ဂရင်းရွှေ နဲ့ လက်ဖက်ရည်ဝိုင်း၊ စားသောက်ဖွယ်များဖြင့် ကြိုဆိုပြီး စကားဝိုင်းဖွဲ့တတ်ကြသည် မဟုတ်လား။ ဤသို့သော အပြုအမူများသည် ကြာလာသည်နှင့်အမျှ အစဉ်အလာယဉ်ကျေးမှုတစ်ရပ်အဖြစ် ကျန်ရစ်နေခဲ့ခြင်းပင် ဖြစ်သည်”ဟု သူက ဟာသသဘောရောက်ရောက် ထောက်ခံပြောဆိုသွားသည်။

ကျနော် ဆက်လက်ရှင်းပြသည်။ “နယ်ရှင်ပယ်ရှင် နတ်အချို့အား ပသသည့်အခါ သက်သတ်လွတ်စားသည့် ဓလေ့ရှိသလို၊ ထိုနတ်၏ နယ်မြေရှိ ပြည်သူများကလည်း သက်သတ်လွတ်ဟင်းလျာများဖြင့်သာ ကြိုဆိုကြရပြန်သည်။ အနှစ်ချုပ်ဆိုရသော် နယ်ရှင်ပယ်ရှင်နတ်များအား ပသ ကြိုဆိုသည့် အစဉ်အလာဓလေ့သည် ကျနော်အတွက်မူ ကွယ်လွန်သွားပြီးဖြစ်သော မောရှမ်းစစ်သား အကြီးအကဲ၊ ဖိုးဖိုးဖွားဖွားများအား အောက်မေ့သတိရသည့် အာဇာနည်နေ့ကဲ့သို့သော အခမ်းအနားတစ်ရပ်အဖြစ်သာ မှတ်ယူပြီး ဆက်လက်ထိန်းသိမ်းသင့်သည့် အမွေအနှစ်တစ်ရပ်ဟု ယူဆပါသည်။

ကျနော်တို့ရဲ့ ပူမောက်ကမ်ဆိုလျှင် ရှမ်းစစ်သူကြီးဖြစ်သည့်အတွက် ၎င်းနှင့်အတူ ပါလာသည့် နောက်လိုက်အခြွေအရံ၊ ဆင်တပ်မြင်းတပ်များအတွက်လည်း ဆင်စာ၊ မြင်းစာ ကျွေးမွေးရသည်ဆိုသည့် အချက်လည်း ရှိသေးသည်။

ယခင်ခေတ်က ရှမ်းဧကရာဇ်များသည် ဒေတာအချက်အလက်များ ကောက်ယူပြီးမှ စစ်ရေးကို ဆင်ခြင်သုံးသပ်ကာ စစ်တိုက်ခိုက်မှုများအား ပြင်ဆင်လေ့ရှိသည်ဟု ဆိုသည်။ ကျနော်တို့ နယ်ရှင်ပယ်ရှင် နယ်မြေမှူးတွေကို ဝါးနှီးဖြင့် အဆစ်များချိုးကာ တာလီရေတွက်ပြီး မိမိအိမ်ထောင်စုလူဦးရေစာရင်း၊ မွေးမြူသည့်တိရိစ္ဆာန်များစာရင်း၊ ဆန်စပါးရိက္ခာများစရင်း စသည့်ဒေတာအချက်လက်များကို သန်းခေါင်စာရင်းတင်ပြရသည်။

မိမိအိမ်တွင်းမှ အိမ်ရှင်စာရင်းဝင်တစ်ဦး ခရီးလွန်ကာ နေအိမ်ပြန်မရောက်သူတို့ကိုလဲ တင်ပြရသည်။ ထိုခေတ်အခါက စာပေအရေးအသားအတွက် စက္ကူ မှင်တံကဲ့သို့သော ကိရိယာများကို အလွယ်တကူ ရယူအသုံးပြုနိုင်လောက်သည်ထိ ဖွံ့ဖြိုးမှုမရှိဟန်တူခဲ့ပေ။ သို့အတွက်ကြောင့် အရေအတွက်များကို နှီးဝါးဆစ်ဖြင့်သာ ရေတွက်ခဲ့ကြဟန်တူပေ၏။

၎င်းသန်းခေါင်စာရင်းကဲ့သို့သော ဒေတာများကို သက်ဆိုင်ရာအာဏာပိုင်များက ကြည့်ရှုသုံးသပ်ကာ မိမိတို့မောအင်ပါယာတွင်း စစ်သည်အင်အားမည်မျှရှိကြောင်း၊ စားနပ်ရိက္ခာ မည်မျှထိရှိကြောင်း၊ ပကတိအခြေနေကို သုံးသပ်ကာ ခံစစ်ပြင်ဆင်ခြင်း၊ ထိုးစစ်ဆင်ခြင်း၊ တပ်ဆုပ်ခွါခြင်းတို့ကို ချင့်ချိန်ပြုလုပ်ခဲ့ကြဟန်တူပေ၏။

ဒီလို စာရင်းတင်ပြတဲ့အစဉ်လာ၊ ဆင်စာမြင်းစာကြွေးတဲ့အစဉ်လာ၊ ကြွလာသည့်နယ်ရှင်ပယ်ရှင်ကို ၎င်းတို့အကြိုက် စားဖွယ်များဖြင့်ကြိုဆိုသည့်အစဉ်လာက ယခုခေတ်အခါ ၎င်းရှမ်းတွေရှိခဲ့တဲ့နေရာမှာ ထုံးတမ်းဓလေ့အဖြစ် ကျန်နေခဲ့ကြတာမဟုတ်လား။

“အော်..အဲ့ဒီလိုပဲ အလေ့အကျင့်တွေကို ပြုမူဖန်ကြာလာတဲ့အခါ အစဉ်အလာ ဓလေ့ဖြစ်သွားတတ်ကြတာနော်” ဟူ၍ ကိုစိုင်းညွှန့်မှ ထပ်မံထောက်ခံ ပြောလာခဲ့ပြန်သည်။

“ဟုတ်တာပေါ့ ယခုခေတ် အုပ်ချုပ်ရေးအကြီးအကဲတွေကို လက်ဖက်ရည်ဖိုးဟုဆိုပြီး ကန်တော့ကာ လဘ်ထိုးတဲ့အလေ့အကျင့်ကလည်း ကြာလာရင် ဓလေ့ဖြစ်သွားတာမျိုးပေါ့၊ ဥပမာပြောပြတာပါ” ကျနော်က စကားမလွန်အောင် ပြန်ဖာထေးပြီး ပြုံးကာ ပြောလိုက်သည်။

လက်ဖက်ခေါင်းမိုးထိပုံသည့် အစဉ်အလာ အလေ့အထတစ်ခု ကြာလာတော့ ဓလေ့ အစဉ်အလာ ထုံးတမ်းတစ်ခု ဖြစ်လာခဲ့တဲ့အကြောင်း ဆာမ်တားလုံပုံပြင် သိထားတာတစ်ခုရှိတယ် ပြောပြမယ်ဗျ။

“ယခင်က ကျနော်တို့ရဲ့ အကြီးအကဲ စဝ်ဆာမ်တားလုံ ဆိုတဲ့သူရှိခဲ့တယ်။ ဆာတားလုံရဲ့ နာမည်အဓိပ္ပါယ်ကတော့ မျက်စိသုံးလုံးပိုင်ရှင်တဲ့။ ဒါပေမဲ့ သူမှာ မျက်စိနှစ်လုံးသာရှိပြီး ဉာဏ်ရည်ဉာဏ်သွေး နှလုံးရည်ထက်မြတ်လွန်းတာကြောင့် ရှေ့အနာဂတ်ရေး ကြိုတွေးချင့်ချိန်မျှော်မြင်တတ်တာကြောင့် ဉာဏ်မျက်စိတစ်လုံးရှိသည်ဟု ယုံကြည်ကြကာ စဝ်ဆာမ်တားလုံ လို့ ခေါ်ဝေါ်ကြပုံရပါတယ်လို့ ကျနော်တို့ဘက်က ရှမ်းတွေက မှတ်ယူကြတာဗျ။ ဆာမ်တားလုံကို ပြည်သူများက အရမ်းချစ်ခင်လေးစားကြတယ်ဟူ၏။

“ဆာမ်တားလုံက လက်ရုံးရည်နှလုံးရည် ပြည့်ဝတာကြောင့် တစ်ချိန်မှာ ထီးနန်းလုလာမည်ကို သူ့မရီးတော်က စိုးရိမ်တယ်လို့ဆိုတယ်”

တစ်ကြိမ်တစ်ခါမှာ မိမိတို့စစ်တိုက်ထွက်ရန် အကြောင်းဖန်လာတဲ့အခါ စဝ်ဆာမ်တားလုံက ၎င်း၏ချစ်သူ ကို စကားကတိပေးထားခဲ့၏။ စစ်အောင်နိုင်၍ ပြန်လာသော် ချစ်သူကို လက်ဖက်ရွက်အညွှန့်အဖူးများအား အိမ်ခေါင်မိုးထိ စုပုံကာ ဆွေမျိုးစုံစွာဖြင့် လာရောက်တောင်းရမ်းယူမည်ဟု ကတိစကား ဆိုထားခဲ့၏။ ဆာမ်တားလုံ၏ချစ်သူကား သောင်သွပ်စော်ဘွားရဲ့ သမီးတော်ဖြစ်သည်ဟု ဆိုကြ၏။

အင်းတော်ကြီး၊ နမ့်မွန်းမြို့ကျောင်းကထိန်မြင်ကွင်း

သောင်သွပ်သည် လက်ရှိ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင်ရှိသောကြောင့် ဆာမ်တားလုံသည် မြန်မာပြည် မြောက်ဖျားပိုင်း လက်ရှိ ရှမ်းနီများနေထိုင်ရာ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ဒေသများအတွင်း စိုးမိုးကွပ်ကဲခဲ့သည်ဟု ယဉ်ကျေးမှုပုံပြင် နှုတ်ရာဇဝင်များအရ ယူဆမိပေသည်။ သို့သော် မိမိတွင် သက်သေပြရန်မရှိပေ။

“ဆာမ်တားလုံစစ်အောင်နိုင်၍ပြန်လာသော် ကြင်ယာစုံလာလျှင် ထီးနန်းခွဲယူမည်ကိုစိုးသောကြောင့် ဆာမ်တားလုံ၏ မရီးတော်စပ်သူသည် ထမင်းတွင် အဆိပ်ထည့်ကာ လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟုဆို၏”

ထို့ကြောင့် စစ်အောင်နိုင်လျှင် လက်ဖက်အိမ်ခေါင်မိုးထိ ပုံကာတင်တောင်းမည့်ဆာမ်တားလုံ၏ ကတိစကားများသည် စစ်အောင်နိုင်ခဲ့ပြီးသော်မှ အကောင်ထည်မပေါ်ခဲ့ပေ။ ဆာမ်တားလုံကို ချစ်သည့်ပြည်သူတို့သည် ၎င်းတို့ချစ်သူနှစ်ဦး မပေါင်းဖက်ရသည်ကို လွန်စွာစိတ်မကောင်းဖြစ်ရသည်။ ထို့ကြောင့် ဆာမ်တားလုံကို လေးစားတဲ့ ပြည်သူတွေက အချိန်အခါရှိတဲ့ မင်္ဂလာနေ့ရက်တိုင်း ခေါင်းဆောင်ကို သတိရအောက်မေ့ရစေရန် မိန်းမတင်တောင်းသည့်အခါတိုင်း ၎င်းတို့၏ခေါင်းဆောင် ဆာမ်တားလုံ မတည်နိုင်ခဲ့သောကတိစကားအတိအရ လက်ဖက်များကို အိမ်ခေါင်မိုးထိ ပုံကာ တင်တောင်းကြသည်။

ထိုကဲ့သို့သော လက်ဖက်ခေါင်းမိုးထိပုံ၍တင်တောင်းသည့်အစဉ်လာက ဓလေ့ဖြစ်လာသည်။ ကာလကြာသော် ငယ်သားတို့သည် လက်ဖက်အိမ်ခေါင်မိုးထိမရရှိနိုင်ကြတော့ပေ။ ထို့ကြောင့် လက်ဖက်များကို ဝါးလုံးကျည်ထောက်ကို အဆစ်ဖွင့်လျက် ဝါးလုံးခေါင်းထဲထည့်ကာ အိမ်ခေါင်မိုးအထိဆင့်ပြီး လက်ဖက်ကျည်ထောက်များဖြင့်တင်တောင်းကြ၏။

လက်ကျည်ထောက် တစ်ခုနဲ့တစ်ကို ဆက်၍ချည်နှောင်သည့်အခါ နာနတ်ရွက်ဖြင့်အုပ်ကာ နှီးဖြင့်စည်းနှောင်ရ၏။ အကြောင်းကား နာနတ်ပင်သည် မြေဆီဩဇာမရွေးပဲရှင်သန်နိုင်သကဲ့သို့ လွန်စွာအသက်ပြင်းသည် အပင်မျိုးဖြစ်သည်။ ဤအရာကိုအဓိပ္ပါယ်ယူက ရှမ်းမျိုးသေရိုးမရှိဟူသည့်အဓိပ္ပါယ်ဖြင့် နာနတ်ရွက်ကိုသာ ရွေးခြယ်ခဲ့တာလို့ ဘိုးဘွားများက ပြောခဲ့ကြတယ်။

အချိန်ကြာလာသည်နဲ့အမျှ ၎င်းလက်ဖက်ကျည်ထောက်နဲ့ မိန်းမတောင်းတဲ့ အစဉ်လာမှာ လက်ဖက်ကျည်ထောက်အလျား တစ်ဖြည်းဖြည်းတိုစပြုလာခဲ့ပြီး တစ်လှံ တစ်ကိုက်ကျော်မျှသာ ရှိနေတော့သည့်အနေထားဖြစ်နေခဲ့သည်။

ပင်လည်ဘူး၊ တုံးမွန်းကျေးရွာ “ပွႆးဢွၵ်ႇဝႃႇ” ခေါ် ဆရာကန်တော့ပွဲတော်

နိဂုံးချုပ်ရသော် ဤစကားဝိုင်းသည် ဝါကျွတ်ပွဲတော်၏ နက်ရှိုင်းသော အဓိပ္ပာယ်များကို ထင်ဟပ်စေသည်။ ဘာသာရေး၊ ယဉ်ကျေးမှု၊ သမိုင်းနှင့် လူမှုရေးတို့၏ ရစ်ပတ်ဖွဲ့နွယ်မှုကို ပြသလျက်ရှိသည်။ ရှမ်းနီတို့၏ နတ်ကိုးကွယ်မှုဆိုင်ရာ မေးခွန်းမှသည် သမိုင်းထဲက ဆာမ်တားလုံပုံပြင်အထိ၊ ယနေ့ခေတ် နိုင်ငံရေးအခြေအနေများနှင့် နှိုင်းယှဉ်ချက်များသည် ရှမ်းလူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ်ကို နက်ရှိုင်းစွာ နားလည်နိုင်စေသည်။ အစဉ်အလာတိုင်းသည် သမိုင်းကြောင်းတစ်ခုနှင့် အတူလာပြီး၊ ခေတ်အဆက်ဆက် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များ၊ ယုံကြည်မှုများနှင့် အတူ ပြောင်းလဲဖွံ့ဖြိုးလာခဲ့သည်။

ဝါကျွတ်ပွဲတော်ကဲ့သို့သော ရိုးရာပွဲများသည် ကျွန်ုပ်တို့အား မိမိတို့၏ မူလအစ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ပြန်လည်သုံးသပ်ရန် အခွင့်အရေးပေးသည်။ ဤဆွေးနွေးပွဲသည် ရှမ်းနီလူငယ်များ၏ စူးစမ်းရှာဖွေမှု၊ မိမိယဉ်ကျေးမှုအပေါ် ကျေနပ်မှုမရှိမှုများကို ဖော်ပြနေသည်။ သို့သော် ဤအရာများကို ဆွေးနွေးခြင်းဖြင့်သာ ကျွန်ုပ်တို့၏ ဓလေ့ထုံးတမ်းများကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်မည်ဖြစ်သည်။

နောက်ဆုံးတွင် ဤစကားဝိုင်းသည် ရှမ်းနီလူမျိုးတို့၏ သမိုင်းနှင့် ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းရန်၊ ခေတ်သစ်နှင့် ဟန်ချက်ညီစွာ ရပ်တည်နိုင်ရန် လိုအပ်ကြောင်း သတိပေးနေသည်။ ဝါကျွတ်ပွဲတော်သည် ဘာသာရေးပွဲတစ်ခုတည်းမကဘဲ၊ ရှမ်းနီလူမျိုးတို့၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် လူမှုရေး ခိုင်မာသော အခြေခံအုတ်မြစ်လည်း ဖြစ်ပါသည်။

မောက်-ခေးခွန်း
ဓာတ်ပုံ – Zaw Zaw

related posts

Leave a Comment