Home » ရခိုင်တပြည်နယ်လုံး ထိန်းချုပ်နိုင်တဲ့ အနေအထားရောက်ရှိပြီလို့ AA ပြော

ရခိုင်တပြည်နယ်လုံး ထိန်းချုပ်နိုင်တဲ့ အနေအထားရောက်ရှိပြီလို့ AA ပြော

by Homeland Author

လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပြီး ရခိုင်တစ်မျိုးသားလုံးရဲ့ ရည်မှန်းချက်မှာ ရာနှုန်းပြည်အောင်မြင်ဖို့ လက်တကမ်းအလို ရောက်ရှိနေပြီလို့ အာရက္ခတပ်တော် (AA) ထုတ်ပြန်လာပါတယ်။

အဲဒီလို အောင်မြင်မှုတွေ ရရှိလာတာဟာ AA စစ်သည်တို့ရဲ့ အသက်၊ ဘဝ၊ ခန္ဓာ၊ သွေး၊ ချွေးပေါင်းများစွာကို နေ့တိုင်း စွန့်လွှတ် အနစ်နာခံမှု၊ ပေးဆပ်တိုက်ပွဲဝင်ပြီး အောင်ပွဲတွေ ရယူပေးနိုင်ခြင်းရဲ့ အကျိုးရလဒ်ဖြစ်ပြီး ထိုနည်းတူစွာ ရခိုင်ပြည်သူတို့ရဲ့ တာဝန်ကျေပွန်မှုကြောင့်လည်း ဖြစ်တယ်လို့ မေလ ၂၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာလည်း မပြီးပြတ်သေးတဲ့ တော်လှန်ရေးကြီး အလုံးစုံပြည့်ဝ အောင်မြင်မှုရရှိရေးအတွက်လည်း AA စစ်သည်တွေဟာ ရှေ့တန်းမှာ ရန်သူတွေနဲ့ အပြင်းအထန် ဆက်လက်ရင်ဆိုင် တိုက်ပွဲဝင်နေရတယ်လို့ ဆိုပါတယ်။

ရန်သူဟာလည်း ရခိုင်ပြည်သူလူထုတွေ နေထိုင်ရာ မြို့ရွာတွေကို လက်နက်ကြီး၊ လေကြောင်းတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေကို အရင်ကထက် ပိုမိုလုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။

စစ်မြေပြင်မှာ ရန်သူနဲ့ တိုက်ပွဲတွေ ရင်ဆိုင်နေရပြီး တဖက်မှာလည်း နိုင်ငံတကာဖိအားတွေ သက်ရောက်စေဖို့ အားထုတ်ကြိုးပမ်းနေတဲ့ အစုအဖွဲ့တွေ၊ အမျိုးသားသစ္စာဖောက်အချို့ရဲ့ တကိုယ်တော် တိုက်ခိုက်ဆောင်ရွက်မှုတွေလည်း ဘက်စုံထောင့်စုံမှ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အခုလို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး တိုက်ခိုက်မှုတွေ ကြားထဲမှာပဲ AA ဟာ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ မြို့ပြ၊ ရပ်ရွာ၊ ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်း စတဲ့ တိုင်းပြည်တည်ဆောက်ရေး ကဏ္ဍတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မပြီးပြတ်သေးတဲ့ အမျိုးသားတော်လှန်ရေးခရီးကြမ်းကို လျှောက်လှမ်းရင်း ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းတွေကို ပိုမိုစနစ်ကျစွာ ဆောင်ရွက်လျက်ရှိသော်လည်း အရင် အာဏာရှင်အစိုးရ အဆက်ဆက်က ရခိုင်ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လျစ်လျူရှုထားခြင်း၊ မြို့ပြစီမံကိန်းတွေကို စည်းစနစ်ကျစွာ နည်းလမ်းမှန်ကန်စွာ ဆောင်ရွက်နိုင်မှု မရှိခြင်း၊ တည်ဆဲဥပဒေတွေကို အာဏာပိုင်အဆက်ဆက်တွေနဲ့ ကိုယ်ကျိုးရှာစီးပွားရေး သမားတွေ လက်တလုံးခြား ဆောင်ရွက်တာတွေကြောင့် ဒေသတစ်လုံး ဖွံ့ဖြိုးတိုးတက်ရေးမှာ စိန်ခေါ်မှုနဲ့ နေ့တိုင်းကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

နှစ်ကာလကြာ စုပုံနေတဲ့ အဲဒီ ဆိုးမွေတွေကြောင့် ရခိုင်ဒေသအတွင်း လူမှုဘဝ နေထိုင်မှုအဆင့်အတန်းမှာ အဘက်ဘက်မှ နိမ့်ကျလျက်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ရခိုင်ပြည်တည်ဆောက်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့၊ အနာဂတ်ရခိုင်မျိုးဆက်တွေအတွက် အဆင့်အတန်းမြင့်မားပြီး လှပခေတ်မီတဲ့ လူ့ဘောင်တစ်ခု ချန်ထားနိုင်ဖို့အတွက် မြို့ပြစီမံကိန်းတွေ အောင်အောင်မြင်မြင် အကောင်အထည် သွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် အမျိုးသားရေးအခြေခံစိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ တိုင်းပြည်အပေါ်ထားရှိတဲ့ အရင်းခံစေတနာစိတ်တွေနဲ့ အရင်ကထက်ပိုတဲ့ ပူးပေါင်းပါဝင် လုပ်ဆောင်မှုမျိုးဖြင့် ပါဝင်ပေးကြဖို့ AA က တောင်းဆိုထားပါတယ်။

လက်ရှိမှာ AA ဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက မြို့အများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူတို့မှာလည်း စစ်တပ် နဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။

related posts

Leave a Comment