Home » မူးယစ်ဆေးသုံးတဲ့ KIA တပ်ဖွဲ့တဦးကို SSPP က ဖမ်းဆီးပြီးနောက် သေဆုံးသွားဟု ဆို

မူးယစ်ဆေးသုံးတဲ့ KIA တပ်ဖွဲ့တဦးကို SSPP က ဖမ်းဆီးပြီးနောက် သေဆုံးသွားဟု ဆို

by Homeland Author

သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ဆင်လီကောင်ဒေသမှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တပ်မဟာ (၆) မှ တပ်ဖွဲ့ဝင်တဦးကို မူးယစ်ဆေးဝါးသုံးစွဲတယ်လို့ဆိုပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဖမ်းဆီးသွားပြီးနောက် ‌သေဆုံးသွားတယ်လို့ 7Stars News က ဖော်ပြလာပါတယ်။

KIA တပ်မဟာ (၆)၊ အမှတ် (၉) တပ်ရင်းလက်အောက်ရှိ MHH တပ်ခွဲ (၂) မှ ရဲဘော် မဟော်လဒွဲဆိုသူကို SSPP တပ်ဖွဲ့က မေလ (၂) ရက်နေ့ မူးယစ်ဆေးဝါးသုံ့းစွဲတယ်လို့ဆိုပြီး လာရောက်ဖမ်းဆီးသွားကြောင်း အဲဒီနောက် မေလ ၁၁ ရက်နေ့မှာတော့ ဦးမဟော်လဒွဲရဲ့ ရုပ်အလောင်းကို လာယူဖို့ မိသားစုကို SSPP က အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ KIA တပ်ဖွဲ့ဝင်ရဲ့ ရုပ်အလောင်းမှာတော့ ညှိုမည်းဒဏ်ရာတွေနဲ့ ဖြစ်ပွားနေပြီး နှိပ်စက်ခံထားရတဲ့ အနေအထားဖြစ်နေတယ်လို့ ဆိုပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဖုန်းဟန်ထံ Homeland News Agency က ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

KIA တပ်ဖွဲ့ဝင် သေဆုံးမှုနဲ့ ပတ်သက်ပြီး ၎င်းတို့ရဲ့ မိသားစုဝင်တွေအနေနဲ့ တရားမျှတမှုရလိုကြောင်း နဲ့ အဆိုပါ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်းကိုလည်း ပြောကြားထားပါတယ်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မှာတော့ SSPP၊ KIA တို့အပါအဝင် စစ်တပ်၊ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊ တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA) တို့အပြင် ပြည်သူ့စစ်အဖွဲ့တွေလည်း လှုပ်ရှားမှုရှိနေပါတယ်။

အဲဒီလို လက်နက်ကိုင်အဖွဲ့အစည်းအများအပြားရှိနေတဲ့ မူဆယ်မြို့နယ်မှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ရောင်းချမှု၊ သုံးစွဲမှုတွေဟာလည်း အများအပြား ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

related posts

Leave a Comment