ဒေသအတွင်းနေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည်သတ်မှတ်နိုင်ရေး အားလုံးဝိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ၁၁ နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားမှာ သမ္မတဦးမင်းအောင်လှိုင်က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
“အမည်နာမအားဖြင့် သတ်မှတ်ထားတဲ့ ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်သာရှိပြီး ကချင်ပြည်နယ်မှာလည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ပြည်နယ်တစ်ခုဟာ လူမျိုးတစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဲဒီဒေသမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့ သဘောထားကို အလေးထားဖို့ လိုပါတယ်၊ ဒေသတွင်းနေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည် သတ်မှတ်ရေးနဲ့ပတ်သက်ပြီးလည်း အမျိုးသားစည်းလုံး ညီညွတ်ရေးကို ရှေးရှုပြီး အားလုံး ဝိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ် ” လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
လူမျိုးစုကိုယ်စားပြု ပြည်နယ်တွေအနေနဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ ကရင်နီ (ကယား) ပြည်နယ် စသဖြင့် သတ်မှတ်ထားပါတယ်။
လက်ရှိမှာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းက ရှမ်းနီ (တိုင်းလျန်)၊ ပအိုဝ့်၊ တအာင်း (ပလောင်)၊ ကိုးကန့် နဲ့ ဝ လူမျိုးစုတွေကို ပြည်နယ် သို့မဟုတ် တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိရေး တောင်းဆိုမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။