စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီးမြို့နယ်အတွင်း အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (ENNO/ENDA) အတင်းအဓမ္မဖမ်းဆီးသွားတဲ့ ရှမ်းနီလူငယ်တွေကို ပြန်လွှတ်ပေးဖို့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပြောပါတယ်။
ခန္တီးမြို့နယ် မှန်ပင်ကျေးရွာ၊ ကင်းတော်ရွာ၊ ကောင်းမှုရွာ၊ အောက်ဖောင်ဆိုင်ရွာနဲ့ ကောင်းဟိန်ရွာ စတဲ့ကျေးရွာတွေမှာ ဇူလိုင် ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရှမ်းနီလူငယ် ၂၂ ဦးအပြင် အခြားတိုင်းရင်းသားလူငယ် အများအပြားကို ENNO/ENDA ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ရှမ်းနီလူမျိုးတွေဟာ ရှေးယခင်ကတည်းက ဒေသတွင်းအတူနေတိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေကို ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်နေထိုင်တတ်ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ရှမ်းနီအမျိုးသားများ ညီညွတ်ရေးကောင်စီ/ရှမ်းနီအမျိုးသားများတပ်မတော် (SNUC/SNA) ရဲ့ မူဝါဒကြီး (၅) ရပ်မှ တစ်ရပ်ဖြစ်တဲ့ “မြန်မာပြည်အထက်ပိုင်းဒေသရှိ ပြည်သူလူထုများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး” ဆိုတဲ့ မူအရ အေးချမ်းစွာ နေထိုင်ရပ်တည်နိုင်ရေးအတွက် ကြိုးစားလျက်ရှိတယ်လို့ ဆိုပါတယ်။
ENNO/ENDA အဖွဲ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ပါ အချက်တွေအရ ၎င်းတို့ နာဂဒေသဟုဆိုသော ခန္တီးမြို့နယ်မှ အဆိုပါဒေသတွင်းနေ လူထုတွေကို ၎င်းတို့အဖွဲ့ထံ ပါဝင်ဖို့ လိုအပါကြောင်းနဲ့ တပ်သားသစ် စုဆောင်းခြင်းဖြစ်ကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။