Home » တပ်ပြေးရဲဘော်တွေ ပြန်လာဖို့ HPDF ပြော၊ ပြန်မလာပါက ဓာတ်ပုံနဲ့တကွ ဖော်ပြမယ်လို့ ဆို

တပ်ပြေးရဲဘော်တွေ ပြန်လာဖို့ HPDF ပြော၊ ပြန်မလာပါက ဓာတ်ပုံနဲ့တကွ ဖော်ပြမယ်လို့ ဆို

by Homeland Author

ခန္တီးခရိုင်တပ်ရင်း (၂) အတွင်း တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ရဲဘော်အချို့ဟာ အကြောင်းပြချက်အမျိုးမျိုးနဲ့ တပ်မှ ခွင့်ပြုချက်မရဘဲ ခွင့်လွန်၊ တပ်ပြေး၊ တပ်မှကင်းကွာရဲဘော်တွေ ရှိနေတယ်လို့ ဟုမ္မလင်း – HPDF က အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ရဲဘော်အချို့ဟာ ရန်သူ့ဘက်ကို ပူးပေါင်းသွားတာတွေရှိသလို ရန်သူ့ဘက်က စေလွှတ်တဲ့ ထောက်လှမ်းရေးသူလျှိုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်မှာ တပ်ပြေးရဲဘော် ၂၇ ဦးရဲ့ အမည်နဲ့ နေရပ်တွေကို ဖော်ပြထားပြီး ဟုမ္မလင်းမြို့နယ်မှ ၁၁ ဦး၊ ဖောင်းပြင်မြို့နယ်မှ ၈ ဦး၊ မင်းကင်းမြို့နယ်မှ ၂ ဦးနဲ့ မြောင်၊ မတ္တရာ၊ မြင်းခြံ၊ ယင်းမာပင်၊ မုံရွာနဲ့ ကျိုက်လက်မြို့နယ်တို့မှ တစ်ဦးစီ ပါဝင်ပါတယ်။

အဆိုပါ တပ်ပြေးရဲဘော်တွေအနေနဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထားပြီး ခန္တီးခရိုင်တပ်ရင်း (၂) ကို ပြန်လည်ဆက်သွယ်ကာ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ ပထမအကြိမ် သတိပေးညွှန်ကြားလိုက်တယ်လို့ HPDF က ဆိုပါတယ်။

သတ်မှတ်ရက်အတွင်း ဆက်သွယ်ပြီး တာဝန်ပြန်လည်ထမ်းဆောင်ခြင်း မရှိပါက တပ်ပြေးရဲဘော်တွေရဲ့ ဓာတ်ပုံတွေနဲ့တကွ ဒုတိယအကြိမ် ထပ်မံဖော်ပြသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ခန္တီးခရိုင်တပ်ရင်း (၃) မှ ထွက်ပြေးတိမ်းရှောင်နေတဲ့ တပ်ပြေးနဲ့ ခွင့်လွန်ရဲဘော်တွေအနေနဲ့ တပ်ရင်းရုံးကို လာရောက်အသိပေးဖို့ HPDF-124 က ထုတ်ပြန်သတိပေးခဲ့ပါတယ်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမောက် PDF၊ ကောလင်းခရိုင် အမှတ် (၃) တပ်ရင်း၊ ကသာခရိုင် အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အမှတ် (၅) တပ်ရင်းနဲ့ တမူးခရိုင် အမှတ် (၁) တပ်ရင်းတို့ကလည်း တပ်ပြေးရဲဘော်တွေအနေနဲ့ တပ်ရင်းကို ပြန်လာကြဖို့ အသီးသီး ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း ဟုမ္မလင်းမြို့နယ် နမ့်နန်းကျေးရွာနဲ့ အနီးတစ်ဝိုက်ရှိ ရွှေမှော်တွေမှာ HPDF အဖွဲ့တွေက ဒေသခံလူငယ်တွေနဲ့ ရွှေမှော်လုပ်သားတွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး ပေါ်တာဆွဲစုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောကြားထားပါတယ်။

related posts

Leave a Comment