အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ သံတွဲမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ AA က ဩဂုတ် ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
တပ်က ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်နေတာကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးမှု၊ ဒဏ်ရာရရှိမှုတွေ နဲ့ နေအိမ် အဆောက်အအုံအချို့မှာ ပျက်စီးဆုံးရှုံးမှုတွေ ဆက်လက်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၊ ညနေ (၃) နာရီခန့် အချိန်မှာ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံး (၃) လုံးကို ရှေ့ဆင့်နောက်ဆင့် ဆက်တိုက်ကြဲချ တိုက်ခိုက်ခံခဲ့ရတာကြောင့် ၃ ဦးပါမိသားစုတစ်စုနဲ့ ဈေးဆိုင်ဝန်ထမ်း ၁ ဦးအပါအဝင် စုစုပေါင်း ၄ ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီ ဈေးဆိုင်အနီးဝန်းကျင်မှ အပြစ်မဲ့ပြည်သူ ၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတဲ့အပြင် လူနေအိမ်၊ ဈေးဆိုင်နဲ့ ကား၊ ဆိုင်ကယ်အချို့တို့မှာလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ (၂၇) ရက်နေ့၊ ည (၁၀) နာရီခွဲအချိန်ခန့်တွင်လည်း သံတွဲမြို့နယ်၊ လင်းမူတောင်ကျေးရွာအနီးရှိ ယခင် “ကျောက်ခွဲစက်ရုံဟောင်း” ရှိတဲ့နေရာကိုလည်း တပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ကို သိမ်းပိုက်ထားနိုင်သလို ကျန်ရှိသော စစ်တွေ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့တို့မှာလည်း စစ်တပ် နဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။