Home » KIA ထိန်းထားတဲ့ စခန်းတွေကို ပြန်ထိုးစစ်ဆင်ပြီး ရန်သူ့အလောင်း ၇ လောင်းရဟု ဝါရာဇွပ်ပြည်သူ့စစ် ပြော

KIA ထိန်းထားတဲ့ စခန်းတွေကို ပြန်ထိုးစစ်ဆင်ပြီး ရန်သူ့အလောင်း ၇ လောင်းရဟု ဝါရာဇွပ်ပြည်သူ့စစ် ပြော

by Homeland Author

ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တပ်စခန်းတွေကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တပ်မဟာ ၂ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်တို့ ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်းမှ စ၍ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တယ်လို့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။

KIA တပ်မဟာ၂ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေဖြစ်တဲ့ ရင်း ၁၁၊ ရင်း၂၀၊ ရင်း၄၃၊ ရင်း ၄၅ နဲ့ ရင်း ၁၄ တို့အပြင် PDF တွေ၊ ဒေသကာကွယ်ရေးတပ် RF တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ အင်အား ၅၀၀ ခန့်ဟာ မိမိတို့ ထိန်းချုပ်ထားတဲ့ ဝေလောဒေသရှိ တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ဧပြီ ၁၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ ထိုးစစ်အတွင်း ဟူးကောင်းဒေသက ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ အွယ်လော နဲ့ ခလမ်ကောင့် စခန်းနေရာ ၂ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့ 7Stars News က ဖော်ပြပါတယ်။

အဲဒီနောက် ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဖက်က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် KIA/PDF က ပြန်လည်ဆုတ်ခွာသွားကြောင်း၊ တိုက်ပွဲအတွင်း ရန်သူ့အလောင်း ၇ လောင်း၊ သေနတ် ၇ လက် ရရှိခဲ့သလို KIA/PDF မှ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ဖြင့် အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့မှလည်း အဲဒီ တိုက်ပွဲတွေအတွင်း၂ ဦး သေဆုံးခဲ့ကာ ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တဖက်မှာလည်း ဖားကန့်မြို့နယ်မှာ စစ်တပ် နဲ့ ဝါရာဇွပ်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ KIA/PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment