ဖားကန့်မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးကို မနေ့က အောက်တိုဘာ ၇ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါဖြစ်စဉ်ဟာ ဖားကန့်မြို့နယ် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (မယက) ရုံးတာဝန်ရှိသူတစ်ဦးရဲ့ မွေးနေ့အတွက် လူစုဝေးပြီး အစည်းအဝေးပြုလုပ်ဖို့ ပြင်ဆင်နေချိန်မှာ ဖြစ်ပွားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒရုန်းတိုက်ခိုက်မှုကြောင့် ကချင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (KNDPC) တာဝန်ခံကိုယ်စားလှယ် ဒရွန်းဇော်အောင် (ခ) ဦးဇော်အောင်နဲ့ အရပ်သား ဈေးသည်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “ဖြစ်စဉ်ဖြစ်ပွားချိန်မှာ ဖားကန့်လမ်းပိုင်းအတွက် ဘာမှ ဆွေးနွေးနေတာ မဟုတ်ဘူး။ အခုအုပ်ချုပ်နေတဲ့ မယကက အရပ်သား ဦးလှမြင့်ပါ။ အစည်းအဝေးမစခင် ဖြစ်တာ။ ဒရုန်းသံကြားတော့ ဝင်ပုန်းကြတဲ့အချိန် အခုသေဆုံးတဲ့သူက ကားပေါ်က ဆင်းလာပြီး ဘာမှမသိ၊ မကြားတော့ ဒရုန်းစာမိသွားတာပေါ့။ သေဆုံးတဲ့လူက ကုမ္ပဏီကိုယ်စားလှယ်ဆိုတော့ စစ်ကောင်စီနဲ့ KIA နှစ်ဖက်လုံးနဲ့ ပေါင်းနေတဲ့လူပေါ့” လို့ ပြောပါတယ်။
အဆိုပါအစည်းအဝေးကို ဒုတပ်မမှူးနဲ့ မကြာသေးခင်က ပြည်သူ့စစ်ဖွဲ့ထားတဲ့ ခွန်နောင်တို့ လာရောက်မယ်လို့ သိရတာကြောင့် တိုက်ခိုက်ခံရတာဖြစ်နိုင်ပြီး သူတို့ ထိခိုက်မှုရှိ၊ မရှိကိုတော့ လက်ရှိအချိန်အထိ မသိရသေးဘူးလို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။
တစ်ဖက်မှာလည်း အဲဒီအစည်းအဝေးဟာ လက်ရှိပျက်စီးနေတဲ့ ဖားကန့်လမ်းကို ပြုပြင်ဖို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကုမ္ပဏီတာဝန်ခံတွေ၊ ဆီလုပ်ငန်းရှင်တွေနဲ့ တခြားလုပ်ငန်းရှင်တွေ၊ ရပ်မိရပ်ဖတွေ စုပေါင်းပြီး ဆွေးနွေးညှိနှိုင်းကြတဲ့ အစည်းအဝေးဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဒရုန်းတိုက်ခိုက်မှုကြောင့် လူ ၂ ဦး သေဆုံးခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက လက်ရှိအချိန်အထိ အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။
အဆိုပါ ဒရုန်းတိုက်ခိုက်မှုကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ရေးသားဖော်ပြနေကြပါတယ်။