ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ထံ ကချင်လက်နက်ကိုင်အဖွဲ့ – KIA/PDF မှ တပ်စိတ်မှူးအဆင့်ရှိသူအပါအဝင် ၃ ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၆ ခုနှစ် ဧပြီလ (၁၅) ရက်နေ့ ည (၇) နာရီအချိန်ခန့်က SNA တပ်မဟာ (၈၉၁)၊ အမှတ် (၂) တပ်ရင်း၊ ရှေ့တန်းစခန်းတစ်နေရာသို့ KIA/PDF အဖွဲ့မှ တပ်စိတ်မှူးတစ်ဦးနဲ့ ဒု-တပ်စိတ်မှူးတစ်ဦးတို့ လက်နက်ခဲယမ်းကိုယ်စီဖြင့် အလင်းဝင်လာတာလို့ ဆိုပါတယ်။
အလားတူ ဧပြီလ (၁၇) ရက်နေ့မှာလည်း SNA တပ်မဟာ (၆၁၄) ထံ KIA/PDF မှ ဒုတပ်စိတ်မှူးအဆင့်ရှိသူတစ်ဦး ဆက်သွယ်အလင်းဝင်လာခဲ့ကြောင်း ပြောပါတယ်။
အဲဒီဒုတပ်စိတ်မှူးအဆင့်ရှိသူဟာ ဖောင်းပြင်မြို့နယ်၊ နောင်ရင်းရွာဇာတိဖြစ်ပြီး ၎င်းဟာလည်း လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတာလို့ ဆိုပါတယ်။
SNA ထံ အလင်းဝင်လာသူတွေကို ကောင်းမွန်စွာထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်းနဲ့ မကြာခင်၄င်းတို့ရဲ့မိသားစုတွေထံ ပြန်လည်အပ်နှံပေးသွားမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ (၂၃) ရက်နေ့ကလည်း ဗန်းမောက်မြို့နယ်၊ ကြောင်လည်ကျေးရွာမှာ KIA/PDF တပ်ဖွဲ့ဝင် ၃ ဦး SNA ထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်နဲ့ ဗန်းမောက်မြို့နယ်အတွင်းရှိ SNA တပ်စခန်းတွေကို KIA/PDF တွေက မကြာခဏဆိုသလို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။