ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိ အခြေအနေတွေနဲ့အညီ ပြန်လည်ဖော်ဆောင်နိုင်ရေးအပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်သင့်တဲ့အဖွဲ့အစည်းတွေ ပါဝင်လာရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ဇူလိုင် ၂၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးတို့ကို ရည်မှန်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
7 EAO Alliance (NCA-S EAO) ၇ ဖွဲ့နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့မှ နေပြည်တော်ရှိ Mgallery ဟိုတယ်မှာ ဇူလိုင် ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော် ဆောင်မှုဆိုင်ရာ အမြင်သဘောထားတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အားနည်းချက်တွေကို သင်ခန်းစာယူပြီး လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေရှိတဲ့ ရှေ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အခင်းအကျင်း အစီအမံတွေကို ပြင်ဆင်ချမှတ်နိုင်ရေးအတွက် နှစ်ဖက်အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ အားလုံးပါဝင်လာနိုင်ရေးကိုလည်း အထူးအလေးထား အရေးပေးပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ရရှိထားတဲ့ သဘောထားစုစည်းချက်တွေကို မိမိတို့ 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အနေနဲ့ မကြာမီ ကျင်းပပြုလုပ်မယ့် ဦးဆောင်အဖွဲ့ အစည်းအဝေးမှာ တင်ပြဆွေးနွေးပြီး ရှေ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ သဘောထားလမ်းညွှန်ချက်တွေကို ရယူသွားမယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပြန်လည်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်ရာမှာ မိမိတို့ 7 EAO Alliance တစ်ဖွဲ့ချင်းစီမှာ ဖော်ဆောင်နေတဲ့ အခင်းအကျင်းအကြား ဟန်ချက်ညီညီ သဟဇာတဖြစ်ရေးကိုလည်း ကြိုးပမ်းထိန်းညှိ ဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။


