Home » ဗန်းမော်မှာ တစ်ရွာကို အယောက် ၃၀ KIA စစ်မှုထမ်းခေါ်ထား

ဗန်းမော်မှာ တစ်ရွာကို အယောက် ၃၀ KIA စစ်မှုထမ်းခေါ်ထား

by Homeland Author

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ဗန်းမော်ခရိုင်အတွင်းက ကျေးရွာတွေမှာ ကျေးရွာတစ်ရွာကို အယောက် ၃၀ နှုန်းဖြင့် စစ်မှုထမ်းဖို့ အသိပေး တောင်းဆိုထားတယ်လို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်ခရိုင်ထဲမှာ ဗန်းမော်မြို့၊ မံစီမြို့၊ ရွှေကူမြို့၊ မြို့လှမြို့၊ မိုးမောက်မြို့၊ လွယ်ဂျယ်မြို့၊ ဒေါ့ဖုန်းယန်မြို့တွေ ပါဝင်တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဗန်းမော်မြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် ထိုးစစ်ဆင်လျက်ရှိနေပြီး တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။

KIA က တပ်ထဲမှာ တာဝန်ထမ်းဆောင်ဖို့ ဗန်းမော်ခရိုင်က ကျေးရွာတစ်ရွာကို အယောက် ၃၀ တောင်းထားတယ်လို့ ဗန်းမော်ဒေသခံတစ်ယောက်က ပြောပါတယ်။
“ဗန်းမော်ခရိုင်ထဲမှာဆိုရင် တစ်ရွာကို အယောက် ၃၀ KIA က တောင်းနေတယ်လေ။ တနေ့ကပဲ သတင်းရတာ။ ဗန်းမော် မန်တောင်မှာဆိုလို့ရှိရင် သူတို့ စခန်းအကြီးကြီး လုပ်ထားတာလေ KIA က။ တစ်ရွာကို အယောက် ၃၀ KIA မလုပ်မနေရ။ တစ်ရွာကို အယောက် ၃၀ တောင်းတာ” လို့ ပြောပါတယ်။

ဗန်းမော်ခရိုင်မှာဆိုရင် ရှမ်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြတာ ဖြစ်တဲ့အတွက် အခုလို KIA က စစ်မှုထမ်းဖို့ ခေါ်တာက ရှမ်းတွေပဲ တပ်သားသစ် စုဆောင်းခံကြရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် လက်ရှိအခြေအနေသည့် ဗန်းမော်ခရိုင်ထဲမှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေအတွက် ပြေးစရာမြေမရှိသလို ပေးစရာ ငွေလည်းမရှိတဲ့ အနေအထား ဖြစ်နေတယ်လို့ ဗန်းမော်ဒေသခံတစ်ယောက်က ပြောပါတယ်။

“ရှောင်တိမ်းမယ်ဆိုရင်လည်း မလွတ်ကင်းနိုင်ဘူးလေ။ ဒီလမ်းကြောတွေက သူတို့ပဲ စီးထားတာဆိုတော့ ကျနော်တို့က ခြင်းထဲက ကြက်လို ဖြစ်သွားပြီ။ တပ်ကလည်း စိုးမိုးမှုက နယ်မြေမရှိဘူးလေ။ မြို့ပေါ်မှာပဲ စိုးမိုးထားတယ်ဆိုတော့ ဟိုကောင်တွေပဲ စိုးမိုးထားတာဆိုတော့ ကျနော်တို့က ပြေးစရာ မြေမရှိဘူးလေ။ ပေးစရာလည်း ငွေမရှိဘူး ဖြစ်နေတာပေါ့။ အခုမှ စစ်အစစ်ဖြစ်နေတာလေ။ ပြီးတော့ ကိုယ့်ရပ်ကိုယ့်ရွာတွေကလည်း တကယ်ပြောမယ်ဆိုရင် ကချင်ရွာမှ မရှိတာ။ ကိုယ့်ရှမ်းချည်းပဲ ဖြစ်နေတာပေါ့။ ဒီလိုမျိုး တောင်းမယ်ဆိုရင် ကချင်က ပြစရာမှ မရှိတာ။ အကုန်လုံးက ကျနော်တို့က ကချင်ရဲ့ ခိုင်းဖက်ကြီး ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။

KIA ဟာ ကချင်ပြည်နယ်အတွင်း စစ်မှုထမ်းဖို့အတွက် တပ်သားသစ်စုဆောင်းတာတွေကို အချိန်ကာလအလိုက် တပ်မဟာနယ်မြေအသီးသီးမှာ ပြုလုပ်နေတာ ဖြစ်ပြီး အခုနှစ်မှာဆိုရင် KIA က တပ်သားသစ် စုဆောင်းတာတွေကို ပိုပြီးတော့ လုပ်ဆောင်လာနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်သားသစ်စုဆောင်းမှု၊ အတင်းအဓမ္မ စစ်မှုထမ်းခေါ်တာတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာစစ်တပ်တို့ အလွန်အကျွံ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို စစ်သားသစ် စုဆောင်းနေမှုတွေကြောင့် မြန်မာပြည်ရဲ့ လက်နက်ကိုင်ပဋိပက္ခသည် ကြာရှည်ဦးမှာ ဖြစ်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေး လေ့လာသုံးသပ်တဲ့သူတွေက ပြောပါတယ်။

related posts

Leave a Comment