Home » ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်ရရှိရေး NUG ထပ်မံကတိပြု

ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်ရရှိရေး NUG ထပ်မံကတိပြု

by Homeland Author

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းပြီး ရိုဟင်ဂျာပြည်သူတွေ နိုင်ငံသားဖြစ်ခွင့်နဲ့ အခြေခံအခွင့်အရေးတွေ ရရှိနိုင်မယ့် အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် ဆက်လက်ကတိကဝတ်ပြုထားတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်အပေါ် NUG ရဲ့ သဘောထားထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်းနဲ့ပတ်သက်ပြီး ICJ က နိုဝင်ဘာ ၁၉ ရက်မှာ ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ဦးကိုကိုလှိုင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာဘက်ကတော့ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး စစ်ဆင်ရေးဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ခဲ့တာသာဖြစ်ကြောင်း ခုခံပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာတွေ မိမိတို့ရဲ့ နေရပ်ဒေသတွေမှာ ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနဲ့ မိမိတို့ရဲ့ လွတ်လပ်တဲ့ဆန္ဒအတိုင်း ပြန်လည်နေထိုင်နိုင်ဖို့အတွက် ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ အခြေခံအခွင့်အရေးတွေကို အပြည့်အဝ အကာအကွယ်ပေးနိုင်ဖို့ လိုအပ်တယ်လို့ NUG က ဆိုပါတယ်။

၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ရိုဟင်ဂျာတွေကို တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ မူဝါဒဆိုင်ရာ သဘောထားရပ်တည်ချက်မှာ ဖော်ပြထားတဲ့အတိုင်း “ရိုဟင်ဂျာပြည်သူတွေဟာ အခြေခံလူ့အခွင့်အရေးစံနှုန်းတွေနဲ့ ဒီမိုကရေစီဖက်ဒရယ်မူတွေနဲ့ ကိုက်ညီတဲ့ ဥပဒေတွေအရ နိုင်ငံသားဖြစ်ခွင့် ရရှိထိုက်သူတွေဖြစ်တယ်” ဆိုတဲ့ ရပ်တည်ချက်ကို အခိုင်အမာ ဆက်လက်ကိုင်စွဲထားတယ်လို့လည်း ပြောပါတယ်။

လူမှုအသိုက်အဝန်းအားလုံး ပါဝင်နိုင်ပြီး အများသဘောတူညီမှုအပေါ် အခြေခံတဲ့ ဖက်ဒရယ်အနာဂတ်တစ်ရပ် ပေါ်ထွန်းလာစေဖို့ ရိုဟင်ဂျာနဲ့ ရခိုင်ခေါင်းဆောင်တွေ၊ ဒီမိုကရေစီအင်အားစုတွေအပြင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂိုလ်အားလုံးကိုလည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့ ပျက်ကွက်ခဲ့တာကြောင့် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် (Genocide Convention) ကို ချိုးဖောက်ခဲ့ကြောင်းလည်း ICJ က နိုဝင်ဘာ ၁၉ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ICJ ရဲ့ စီရင်ချက်ဟာ တရားမျှတမှုဖော်ဆောင်ရေး ကြိုးပမ်းမှုအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပေမဲ့ ဒီစီရင်ချက်ဟာ ကြိုးပမ်းမှုရဲ့ အဆုံးသတ်မဟုတ်ဘူးလို့ NUG က ဆိုပါတယ်။

NUG အနေနဲ့ ရိုဟင်ဂျာပြည်သူတွေအတွက် တရားမျှတမှုရရှိရေး၊ မြန်မာပြည်သူတစ်ရပ်လုံး လွတ်မြောက်ရေးနဲ့ အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတို့အတွက် ကတိကဝတ်ကို ထပ်မံအတည်ပြုထားပါတယ်။

related posts

Leave a Comment