မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ လုံးကောက်ရွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ဇူလိုင် ၂၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံနှစ်ဦးထက်မနည်း ပြောကြားထားပါတယ်။
“လုံးကောက်ဆရာတော်ကို ကချင်တွေ ဖမ်းသွားပြီ။ အင်အားအများကြီးနဲ့ လာကြတယ်၊ ဘုန်းကြီးကျောင်းပါ မွှေနှောက်သွားပြီး ကားတွေပါ အကုန်သိမ်းသွားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
လုံးကောက်ဆရာတော်ကို KIA နဲ့ လက်အောက်ခံအဖွဲ့တွေက ဖမ်းဆီးသွားတယ်ဆိုတဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဆက်လက်မေးမြန်းနေဆဲဖြစ်ပါတယ်။
အခုလ ဇူလိုင် ၆ ရက်နေ့ကလည်း အင်းတော်ကြီးဒေသ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့မှ ဦးဆောင်သူ အပါအဝင် ဒေသခံ ၄ ဦးကို KIA နဲ့ လက်အောက်ခံအဖွဲ့တွေက ဖမ်းဆီးသွားပြီး ညောင်ပင်ရွာမှာ ချုပ်နှောင်ကာ ဇူလိုင် ၁၁ ရက်နေ့မှာ ပြန်လည်လွှတ်ပေးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လ ၈ ရက်နေ့က မမုန်ကိုင်ကျေးရွာပိုင်မြေနဲ့ ဘောလုံးကွင်းတို့ကို ရွှေလုပ်ငန်းရှင် ဦးဆန်းဝင်း နဲ့ KIA တို့ ပူးပေါင်း၍ ရွှေတူးဖော်နေမှုကို ကန့်ကွက်ခဲ့တဲ့ မမုန်ကိုင်ဆရာတော် ၂ ပါးကို KIA နဲ့ လက်အောက်ခံအဖွဲ့တွေက ဖမ်းဆီးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းမှာပဲ အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီရိုးရာစာပေနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ စိုင်းစိန်လွင်ဦးနဲ့ ကုန်းမနရွာသားများကို KIA နဲ့ လက်အောက်ခံအဖွဲ့တွေက ကြိုးတုပ်ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
မိုးညှင်းခရိုင် အင်းတော်ကြီးဒေသမှာ ရှမ်းနီလူမျိုးတွေက အများစု နေထိုင်ကြပြီး ဗမာ၊ ကချင် လူမျိုးစု အနည်းငယ်လည်း နေထိုင်ကြတယ်လို့ သိရပါတယ်။
KIA နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေဟာ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ တာလောကြီး၊ ဆင်ဘို၊ မိုးမောက်၊ မံစီ၊ လုံးခင်း၊ ဖားကန့်ရှိ ဒေသခံ ရှမ်းလူမျိုး၊ ရှမ်းနီလူမျိုးတွေကို အဓမ္မဖမ်းဆီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။