Home » PLA စခန်း စီးနင်းချိန် မိုင်းထိ၍ PDF မှ ၄ ဦးသေဆုံးဟု NUG ပြော

PLA စခန်း စီးနင်းချိန် မိုင်းထိ၍ PDF မှ ၄ ဦးသေဆုံးဟု NUG ပြော

by Homeland Author

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အထိုင်စခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က ဝင်ရောက် စီးနင်းချိန် PLA ထောင်ထားတဲ့ မိုင်းထိ၍ PDF တပ်ဖွဲ့မှ ၄ ဦး သေဆုံးသွားခဲ့ရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်က ဇွန် ၂၃ မှာ ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဝဲလောင်းကျေးရွာနေ ဦးသန်းကို PLA က၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၎င်း၏ ဇနီးဖြစ်သူမှ တောင်သာမြို့နယ် ပလဖရုံးသို့ ဆက်သွယ်အကူအညီတောင်းလာခဲ့တယ်လို့ ဆိုပါတယ်။

NUG ရဲ ထုတ်ပြန်ချက်အရ ဇွန်လ ၁၈ ရက်နေ့မှာ ငွေညှစ်ခြိမ်းခြောက်ခံထားရတဲ့ ပြည်သူ ဦးသန်းကို (၇) ရက်အတွင်း ပြန်လွှတ်ပေးဖို့ နဲ့ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို ကာယကံရှင်ထံသို့ ပြန်လည်ပေးအပ်ဖို့ တောင်သာမြို့နယ် ပကဖမှ PLA ထံသို့ လူကိုယ်တိုင်သွားရောက်ကာ စာပေးပို့ခဲ့ပြီး PLA မှ ပြန်မလွှတ်ပေးနိုင်ကြောင်း နဲ့ ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်နိုင်ကြောင်း စာဖြင့် အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ (၂၂) ရက်မှာ ဖမ်းဆီးခံရတဲ့ ဦးသန်းကို PLA မှ ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပြီး တောင်သာမြို့နယ်၊ ဝဲလောင်းရွာ နဲ့ ရွာသစ်ရွာကြားတွင် ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ သတိလစ်လျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ NUG က ဆိုပါတယ်။

အဲဒီနောက် ခရိုင်တွင်းမှာ နေထိုင်ခြင်းမရှိတော့တဲ့ PLA စခန်းတွေကို ဝင်ရောက်ခဲ့ရာမှာ ရဲဘော်တွေ အိပ်တဲ့ အိပ်ဆောင်နေရာတွေမှာ ရည်ရွယ်ချက်ရှိရှိ မိုင်းတွေ ထောင်ထားခဲ့ပြီး မိမိတို့ ရဲဘော် (၄) ဦး မိုင်းဒဏ်ရာဖြင့် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

PLA ဖက်ကတော့ အဆိုပါ ဖမ်းဆီးမှုဟာ ရန်သူ့သတင်းပေး (ဒလန်) သာဖြစ်ကြောင်း၊ နောက်နောင် သတင်းပေးမလုပ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးပြီး မိသားစုထံ ပြန်လည်စေလွှတ်ခဲ့ပြီး တရားခံရဲ့ မိသားစုထံမှ ငွေကြေး တစုံတရာမျှ လက်ခံခဲ့ခြင်း မရှိဘူးလို့ ဇွန်လ ၂၃ ရက်မှာ ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။

NUG လက်အောက်ရှိ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့မှ ဦးဆောင်၍ PLA အထိုင်စခန်းတွေကို အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းတာတွေ ပြုလုပ်ခဲ့တာကြောင့် မိတ်ဖက်ချင်း ထိတွေ့တိုက်ပွဲ မဖြစ်လို၍ မိမိတို့ ရဲဘော်တွေ စခန်းမှ အလျင်အမြန် ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းရှိ PLA ကို ကူညီနေတဲ့ ပြည်သူတွေရဲ့ နေအိမ်အချို့ကို ဝင်ရောက် ရှာဖွေတာ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာ နဲ့ PLA ရဲဘော်တဦးရဲ့ အစ်မဖြစ်သူကို သေနတ်ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NUG ရဲ့ ကာကွယ်ရေး၊ အုပ်ချုပ်ရေး ယန္တရားတွေ နဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားလျက်ရှိပြီး အခုလို ဖိအားပေး ခြိမ်းခြောက်တာ၊ စစ်တပ်ကို တိုက်ခိုက်ဖို့ လှုပ်ရှားနေတဲ့ နယ်မြေမှ ထွက်ခွာစေတာ၊ တပ်စခန်းတွေကို အင်အားသုံး ဝင်ရောက်စီးနင်းတာတွေကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ PLA က ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ချင်း ဆွေးနွေးညှိနှိုင်း အဖြေရှာလိုတဲ့ မူကိုသာ ဆက်လက် ကိုင်စွဲထားကြောင်းကိုလည်း ပြည်သူတွေကို အသိပေးတယ်လို့ PLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

related posts

Leave a Comment