စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ဂွေးတောက်ကုန်းကျေးရွာအုပ်စု တီလောင်ကျေးရွာအနီးမှာရှိတဲ့ KIA လက်အောက်ခံ HPDF 124 အဖွဲ့ရဲ့ တပ်စခန်း ၅ ခုကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ဇွန်လ ၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
SNA တပ်မဟာ ၈၉၁၊ တပ်ရင်း (၂) အခြေစိုက်ထားတဲ့ တီလောင်တပ်စခန်းရဲ့ တောင်ဘက်ကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံ HPDF 124 အဖွဲ့က နယ်မြေချဲ့ထွင်ပြီး ဝင်ရောက်လာတာကြောင့် SNA ဘက်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း HPDF 124 အဖွဲ့ရဲ့ တပ်စခန်း ၅ ခုကို တစ်ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ၃ လက်၊ ခဲယမ်းအချို့နဲ့ အလောင်း ၂ လောင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ SNA ဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဆိုပါ တပ်စခန်းတွေဟာ တပ်မဟာ ၈၉၁၊ တပ်ရင်း (၂) နယ်မြေအတွင်းမှာ နှစ်နဲ့ချီပြီး ဝင်ရောက်နေရာယူထားခဲ့တာဖြစ်ပြီး အခု ပြန်လည်ထိုးစစ်ဆင်ရာကနေ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာကတော့ ရွှေပြည်အေးမြို့နဲ့ မျက်နှာချင်းဆိုင် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းမှာ ဖြစ်ပြီး မုံရွာမြို့ကနေ ဆန်တင်လာတဲ့ ကုန်တင်ရေယာဉ်တွေကို KIA/HPDF-124 အဖွဲ့က ပိတ်ပင်တားဆီးထားတဲ့ နေရာအနီးဝန်းကျင် ဖြစ်တယ်လို့ သိရပါတယ်။
KIA/HPDF-124 ဘက်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သီးခြားထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ဟုမ္မလင်းမြို့နယ်အတွင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ KIA လက်အောက်ခံအဖွဲ့တွေကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။