Home » အာဏာရှင်စနစ်ပပျောက်ရေး ကြိုးပမ်းမယ်လို့ SSJAC ပြော

အာဏာရှင်စနစ်ပပျောက်ရေး ကြိုးပမ်းမယ်လို့ SSJAC ပြော

by Homeland Author

အာဏာရှင်စနစ် ပပျောက်ရေးကို အဓိက ဦးတည်ပြီး ရှမ်းအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ရှမ်းပြည်ပူးတွဲလှုပ်ရှားမှုကော်မတီ (SSJAC) သဘောထားထုတ်ပြန်ပါတယ်။

ဒီနေ့ ဇွန်လ ၆ ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းပြည်ပူးတွဲလှုပ်ရှားမှုကော်မတီ (SSJAC) တည်ထောင်ခြင်း (၃၀) နှစ်မြောက် နှစ်ပတ်လည်နေ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ နဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်ကို အမြစ်ပြတ်ဖြေရှင်းနိုင်ဖို့အတွက် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေနဲ့လည်း အတူတကွ လက်တွဲလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

SSJAC အနေနဲ့ အာဏာရှင်စနစ်ကို တွန်းလှန်ပြီး ဖက်ဒရယ်စနစ်ဆီ သွားမယ့် အဓိက ရည်မှန်းချက် (၄) ခုကိုလည်း အခုလို ကြေညာထားပါတယ်။

အာဏာရှင်စနစ် ပပျောက်ရေး၊ အရပ်သားအုပ်ချုပ်ရေး အာဏာစိုးမိုးမှု အသက်ဝင်လာဖို့ အာမခံချက်ပေးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ စစ်မှန်တဲ့ အရပ်သားအစိုးရတစ်ရပ် ပေါ်ထွန်းလာရေး တို့ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၃၀ နှစ်တာ ဖြန်သန်းခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ မဟာမိတ်ဆက်ဆံရေး ကဏ္ဍတွေမှာ အခက်အခဲနဲ့ အတက်အကျမျိုးစုံ ကြုံခဲ့ရပေမဲ့လည်း ပြည်သူလူထုရဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိကာလမှာလည်း အာဏာရှင်စနစ်အောက်က ရုန်းထွက်ပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုနိုင်ဖို့ ခေတ်ကာလနဲ့ ကိုက်ညီမယ့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေးနဲ့ ကျန်းမာရေး အပါအဝင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အရင်ကထက် ပိုတိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ရှမ်းပြည်ပူးတွဲလှုပ်ရှားမှုကော်မတီ (SSJAC) ကို ၁၉၉၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က ရှမ်းပြည်ငြိမ်းချမ်းရေးကောင်စီ (SSPC) နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ ပူးပေါင်းပြီး နိုင်ငံရေးမဟာမိတ်အဖြစ် စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

related posts

Leave a Comment