စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့နယ်အတွင်း စတားလင့်ခ်အင်တာနက် ဝန်ဆောင်မှု အသုံးပြုခြင်းကို ယာယီပိတ်သိမ်းကြောင်း အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) မှ မေလ (၃) ရက်မှာ ထုတ်ပြန်ထားပါတယ်။
စတားလင့်ခ်အသုံးပြုမှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရုံးလုပ်ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့ နေရာတွေမှအပ စတားလင့်ခ်ဝန်ဆောင်မှုအဖြစ် ဖွင့်လှစ်အသုံးပြုခြင်း၊ နေအိမ်တွေမှာ ပုဂ္ဂလိက ဖွင့်လှစ်အသုံးပြုခြင်းတွေကို မနေ့ကစပြီး ပိတ်ပင်ထားကြောင်း ဖော်ပြထားပါတယ်။
တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်ကို ဧပြီလ (၃၀) ရက်နေ့မှာ စစ်တပ်မှ ပြန်လည်သိမ်းယူခဲ့ပြီးနောက် စစ်ရေးတင်းမားနေချိန် ပြည်သူတွေအနေဖြင့် စတားလင့်ခ်ဝန်ဆောင်မှု အသုံးပြုခြင်းကို အင်းတော် ပကဖမှ ပိတ်ပင်လာခြင်း ဖြစ်ပါတယ်။
လက်ရှိမှာ အင်းတော်မြို့ကို ပြန်လည်သိမ်းပိုက်ထားတဲ့ စစ်တပ်ဟာ မော်လူးမြို့နယ်ကို စစ်ကြောင်းထိုးနေပြီး အင်းတော် – နဘားလမ်းပိုင်းမှ လက်နက်ကြီးပစ်ကူနဲ့ နည်းပညာမြင့် ဒရုန်းတွေကို အသုံးပြုပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း နဲ့ ကချင်နယ်စပ်၊ ရွှေဘို – မြစ်ကြီးနားလမ်းမကြီးပေါ်မှာရှိတဲ့ အင်းတော်မြို့ကို ကျောင်းသားတပ်ဖွဲ့ (ABSDF) နဲ့ NUG လက်အောက်ခံတပ် PDF ပူးပေါင်းတပ်တို့ ၈ လကြာ ထိုးစစ်ဆင်ပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီလမှာ သိမ်းပိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။