ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။
“လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး ဈေးကြီးတယ်လေ။ ရိုးရိုးဒီဇယ်တောင် ၂၆ သိန်း၊ ၂၇ သိန်းဖြစ်နေတယ်။ ပရီမီယံဆို ၂၈ သိန်းခွဲရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကာမိုင်း–ဖားကန့်လမ်းပိုင်းမှာ ဖြတ်သန်းသွားလာရတဲ့ ဂိတ်အဆင့်ဆင့်ကို ငွေပေးဆောင်ရတာကြောင့် စက်သုံးဆီဈေးနှုန်း ပိုမိုမြင့်တက်လာတာဖြစ်တယ်လို့လည်း အဆိုပါဒေသခံက ဆက်ပြောပါတယ်။

ဆိပ်မူ (ဆိုင်းတောင်) ဒေသခံတစ်ဦးကလည်း လက်ရှိမှာ ဓာတ်ဆီတစ်ဂါလံကို ၆ သောင်းခွဲကျပ်၊ ဒီဇယ်တစ်ဂါလံကို ၆ သောင်းကျပ်အထိ ပေးဝယ်နေရတယ်လို့ ပြောပါတယ်။
“အခုဈေးနှုန်းကတော့ ဓာတ်ဆီက ၆ သောင်းခွဲ၊ ဒီဇယ်က ၆ သောင်းပါ။ တစ်ဂါလံဈေးပေါ့။ ဈေးတွေတက်နေတော့ ရေရှည် ဘယ်အဆင်ပြေမလဲ” လို့ ၎င်းက ပြောပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ စားဝတ်နေရေးအခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ ဖားကန့်ဒေသခံတွေအတွက် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုဟာ သွားလာရေးအပြင် နေ့စဉ်လူမှုစီးပွားဘဝအပေါ်ပါ ပိုမိုဖိအားဖြစ်စေတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်အတွင်း မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုအပြင် ကုန်စည်ရှားပါးတာနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်တာတွေပါ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။