မြန်မာစစ်တပ်ဟာ နယ်မြေပြန်လည်စိုးမိုးရေးအတွက် ကြိုးပမ်းရာဒေသတွေမှာ လေကြောင်းအင်အားအလွန်အကျွံဆက်လက်သုံးစွဲနေတာ တွေ့ရတယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) က ဆိုပါတယ်။
မြန်မာအင်တာနက်ပရောဂျက် (MIP) ရဲ့မှတ်တမ်းများအရ ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ (၃) လအတွင်း လေကြောင်းတိုက် ခိုက်မှုဖြစ်စဉ် ပေါင်း (၅၈၁) ကြိမ်ရှိခဲ့တယ်လို့ MIP ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှု (၅၆၂) ကြိမ် (၉၆.၈၈ ရာခိုင်နှုန်း) ဟာ အင်တာနက်ဖြတ်တောက်မှုဒဏ်ခံနေရတဲ့ ဒေသတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ (၃) လပတ်ကာလနဲ့နှိုင်းယှဉ်ပါက လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၁.၇၃ ရာခိုင်နှုန်း တိုးမြင့်လာတယ်လို့ ဆိုပါတယ်။
ဆက်သွယ်ရေးပြတ်တောက်နေတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ အရပ်သားပြည်သူတွေဟာ ထိခိုက်ဒဏ်ရာရရှိမှုနဲ့သေဆုံးမှုအန္တရာယ် သိသာစွာဆက်လက်မြင့်မားနေကြောင်း၊ စျေးကဲ့သို့ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ နေရာတွေကို တိုက်ခိုက်မှုကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက်သေ ဆုံးခဲ့ရတယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို တွေ့ရစဉ်။ (AFP)
(၃)လပတ်အတွင်း ရခိုင်ပြည်နယ်ဟာ လေကြောင်းတိုက်ခိုက်မှု (၁၅၁ ကြိမ်)နဲ့ အဆိုးရွားဆုံးထိခိုက်ခံစားခဲ့ရတဲ့ ဒေသဖြစ်ပြီး အဲဒီနောက် စစ်ကိုင်းတိုင်းဒေသကြီးဟာ (၁၀၇ ကြိမ်)နဲ့ မကွေးတိုင်းဒေသကြီးသည် (၁၀၆ ကြိမ်) တို့ဖြင့် ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှု စုစုပေါင်းဖြစ်စဉ်အားလုံးရဲ့ (၆၂.၆၅)ရာခိုင်နှုန်းခန့်ဟာ စစ်တပ်နဲ့ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ အဲဒီ ဒေသ(၃)ခုမှာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
စစ်တပ်က နယ်မြေပြန်လည်စိုးမိုးနိုင်ရေးထိုးစစ်ဆင်နေတဲ့ ဒေသတွေမှာ အရင်ကာလတွေကအတိုင်း လေကြောင်းအင်အားကို အလွန်အကျွံအသုံးပြုနေတာလို့ မြန်မာအင်တာနက်ပရောဂျက် (MIP)က ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှု ၅၀၀ ကျော်းအတွင်း အရပ်သား (၃၅၃) ဦး အနည်းဆုံးသေဆုံးခဲ့ရပြီး သေဆုံးမှုအားလုံးရဲ့ (၉၆.၈၈) ရာခိုင်နှုန်းခန့်ဟာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးအနည်းဆုံး (၉၀) ဦး၊ ကလေး (၃၄) ဦး နဲ့ သက်ကြီးရွယ်အို (၄၃) ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ် ဇူလိုင်လမှစက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုအတွင်း အခြေခံအဆောက်အအုံ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေမှာ ဘုန်းတော်ကြီးကျောင်းအများအပြားအပါအဝင် ဘာသာရေးအဆောက်အအုံ (၃၉) ခု၊ စာသင်ကျောင်း (၁၆) ကျောင်း၊ ဆေးရုံ နဲ့ ဆေးခန်း (၄) ခု၊ စစ်ဘေးရှောင်စခန်း (၂) ခု၊ တံတား (၃) စင်း နဲ့ စျေး (၃) စျေး ထိခိုက်ပျက်စီးခဲ့တယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်မှာ မြန်မာစစ်တပ်ရဲ့ တပ်ချုပ်သစ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလက်ထက် လေကြောင်းတိုက်ခိုက်မှုတွေမှာ ဂျက်တိုက်လေယာဉ် အုပ်စုလိုက်သုံးပြီး တိုက်ခိုက်တာတွေကို အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော် (AA) ကလည်း ပြောကြားထားပါတယ်။