လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုရှိတဲ့ အာရက္ခတိုင်းပြည်ကို အမြန်ဆုံးတည်ဆောက်နိုင်ပါစေကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ခေါင်းဆောင် မောင်ဆောင်းခက ဆုတောင်းခဲ့ပါတယ်။
နိုဝင်ဘာ ၇ ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အသက် ၄၈ နှစ်ပြည့် မွေးနေ့အတွက် ဆုတောင်းလွှာနဲ့အတူ သူ့ရဲ့အမှတ်တရတွေကို လူမှုကွန်ရက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
မောင်ဆောင်းခက “ကျနော်တို့ တပ်စထောင်တုန်းက နာမည်ကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) လို့ ပေးမယ်စဉ်းစားထားကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ပြောပြပြီး အကြံဉာဏ်တောင်းတော့ ‘နာမည်က ကိုဆောင်းခတို့ ကြိုက်တာပေးလို့ရပါတယ်၊ အဓိကက အလုပ်တကယ်ဖြစ်မြောက်အောင်မြင်ဖို့ပဲ၊ အောင်မြင်ရင် ဘယ်နာမည်ပဲဖြစ်ဖြစ် ပြည်သူက လက်ခံလာမှာပဲ’ လို့ အကြံပြုခဲ့ကြောင်း” ပြောပါတယ်။
တပ်စတင်ဖွဲ့စည်းခါစကာလမှာ BPLA ရဲဘော်တချို့ ရန်သူရဲ့ ခြုံခိုဖမ်းဆီးတာခံခဲ့ရတဲ့အကြောင်း သတင်းရောက်လာတာနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ချက်ချင်း Video Call ခေါ်ပြီး အားပေးစကားပြောခဲ့တာတွေကိုလည်း အခုချိန်ထိ မမေ့ကြောင်း ရေးသားထားပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဦးဆောင်မှုနဲ့အတူ အာရက္ခတပ်တော်ရဲ့ အောင်မြင်မှုတွေဟာ အံ့မခန်းဖြစ်နေပြီး မိမိအပါအဝင် ယခုခေတ်မှာ တပ်ထောင်ကြတဲ့ လူငယ်တွေက သူ့ကို အားကျအတုယူကြရကြောင်း မောင်ဆောင်းခက ပြောပါတယ်။
မောင်ဆောင်းခက “တပ်မှူးချုပ်ရဲ့ မွေးနေ့ရက်မြတ်မှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင် ကျန်းမာဘေးကင်းလုံခြုံပြီး လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုရှိတဲ့ အာရက္ခတိုင်းပြည်ကို အမြန်ဆုံးတည်ဆောက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ဂါရဝပါ” လို့ ဆုတောင်းထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း အာရက္ခတပ်တော် (AA) ဟာ အမ်းမြို့နယ်ရှိ မြန်မာစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့ရှိ မြို့နယ်အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
လက်ရှိမှာလည်း ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူမြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။