ယောပြည်သူလူထုရဲ့ အကျိုးကို ရှေးရှုကာ ယောအမျိုးသားတပ် တည်ဆောက်ဖို့ ယောကာကွယ်ရေးတပ် (YDF) နဲ့ ယောတပ်တော် (YA) တို့ သဘောတူညီခဲ့ကြတယ်လို့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ယောတပ်ဖွဲ့ ၂ ဖွဲ့မှ တာဝန်ရှိသူတွေဟာ ယောဒေသလွတ်မြောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ယောပြည်သူလူထုရဲ့ အကျိုးကို ရှေးရှုကာ ယောအမျိုးသားတပ်တွေ ပေါင်းစည်းနိုင်ရေးအတွက် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၆ ရက်မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီတွေ့ဆုံမှုမှာ ယောဒေသလွတ်မြောက်ရေး၊ ယောကံကြမ္မာကို ယောကိုယ်တိုင် ဖန်တီးခွင့်ရရှိရေးနဲ့ ယောအမျိုးသားတပ်တစ်ခုတည်း တည်ဆောက်ရေးတို့အတွက် သဘောတူညီချက်တွေ ချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယောအမျိုးသားတပ်တစ်ခုတည်း ပေါ်ပေါက်လာနိုင်ရေးအတွက် တပ်ပေါင်းစည်းရေးကော်မတီ ဖွဲ့စည်းတာ၊ ယောဒေသအတွင်းရှိ အခြားတော်လှန်ရေးအင်အားစုတွေကိုလည်း ပူးပေါင်းပါဝင်တည်ဆောက်နိုင်ဖို့ ဖိတ်ခေါ်တာနဲ့ အပြီးသတ်တပ်ပေါင်းစည်းနိုင်ရေး အချိန်ကာလသတ်မှတ်တာ စတဲ့ အချက် ၃ ချက်အပါအဝင် သဘောတူညီချက် ၇ ချက် ချမှတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ယောဒေသလွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် တစ်ခုတည်းသော ယောအမျိုးသားတပ်အဖြစ် မဟာမိတ်အင်အားစုတွေနဲ့အတူ လက်တွဲညီညီ တိုက်ပွဲဝင်သွားမယ်လို့လည်း အသိပေးထားပါတယ်။
ယောကာကွယ်ရေးတပ် (YDF) နဲ့ ယောတပ်တော် (YA) တို့ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ယောဒေသကို အခြေပြုပြီး ဖွဲ့စည်းခဲ့ကြတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်ပါတယ်။
ယောလူမျိုး (ဆော) တွေဟာ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်တွေနဲ့ ပခုက္ကူခရိုင်အတွင်းမှာလည်း နေထိုင်ကြတယ်လို့ သိရပါတယ်။