စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ထိန်ကုန်းကျေးရွာမှာ ပညာသင်ကြားရေးအတွက် လိုအပ်နေတဲ့ စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ဖို့ ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ/ရှမ်းနီအမျိုးသားများတပ်မတော် (SNUC/SNA) က ကျပ်သိန်း ၁ ထောင် မတည်လှူဒါန်းခဲ့ပါတယ်။
ဒေသတွင်းက လူငယ်တွေနဲ့ ကလေးသူငယ်တွေရဲ့ အနာဂတ်ပညာရေး တိုးတက်မြင့်မားလာစေဖို့ ရည်ရွယ်ပြီး SNA တပ်မဟာ ၉၇၂ က ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ သွားရောက်လှူဒါန်းပေးခဲ့တာလို့ သိရပါတယ်။
ဒေသခံလူငယ်တွေ စိတ်အေးချမ်းသာစွာ ပညာသင်ယူခွင့်ရရှိပြီး အသိပညာဗဟုသုတတွေ တိုးပွားလာဖို့နဲ့ ဒေသအကျိုးပြု ပညာတတ်မျိုးဆက်သစ်တွေ ပေါ်ထွက်လာဖို့အတွက် အခုလို စာသင်ကျောင်း ဆောက်ပေးတာဟာ ခိုင်မာတဲ့ အုတ်မြစ်တစ်ခု ဖြစ်တယ်လို့လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ကျေးရွာမှာ ပညာရေးအဆောက်အအုံ လုံလုံလောက်လောက် ရရှိသွားတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ သားသမီး ပညာရေးအတွက် စိုးရိမ်ပူပန်မှုတွေ လျော့ပါးသွားမှာဖြစ်ပြီး၊ ဒေသရဲ့ လူမှုစီးပွားနဲ့ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အများကြီး အထောက်အကူပြုနိုင်မယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း SNA တပ်မဟာ ၇၅၃ က နမ့်တောစံပြကျေးရွာနဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်း ၁၁ ကျောင်းက အကူဆရာ၊ ဆရာမ ၄၈ ဦးအတွက် တစ်နှစ်စာ လစာငွေတွေကို ပေးအပ်ခဲ့တဲ့အပြင် စာအုပ်၊ ခဲတံ၊ ကျောင်းစိမ်းဝတ်စုံ စတဲ့ သင်ထောက်ကူပစ္စည်းတွေကိုပါ ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်း မြို့နဲ့အလှမ်းဝေးပြီး အစိုးရ လက်လှမ်းမမီတဲ့ ကျေးရွာအချို့မှာ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေး စတဲ့ကဏ္ဍတွေမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ဘက်က ဖြည့်ဆည်းပေးနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


