အာရက္ခတပ်တော် (AA) တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းက သံတွဲမြို့ကို စစ်တပ်က တိုက်လေယာဉ်တွေနဲ့ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ AA က ပြောပါတယ်။
ဒီနေ့ ဩဂုတ် ၃ ရက်နေ့ မနက် ၁၀ နာရီ ၂၀ မိနစ်ခန့်ကစပြီး Jet တိုက်လေယာဉ်တွေနဲ့ အုပ်စုလိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး နောက်ဆက်တွဲဖြစ်စဉ်တွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ AA က ဆိုပါတယ်။
ပြီးခဲ့တဲ့၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၊ ညနေ (၃) နာရီခန့် အချိန်မှာ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံး (၃) လုံးကို ရှေ့ဆင့်နောက်ဆင့် ဆက်တိုက်ကြဲချ တိုက်ခိုက်ခံခဲ့ရတာကြောင့် ၃ ဦးပါမိသားစုတစ်စုနဲ့ ဈေးဆိုင်ဝန်ထမ်း ၁ ဦးအပါအဝင် စုစုပေါင်း ၄ ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီ ဈေးဆိုင်အနီးဝန်းကျင်မှ အပြစ်မဲ့ပြည်သူ ၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတဲ့အပြင် လူနေအိမ်၊ ဈေးဆိုင်နဲ့ ကား၊ ဆိုင်ကယ်အချို့တို့မှာလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဇူလိုင်လ (၂၇) ရက်နေ့၊ ည (၁၀) နာရီခွဲအချိန်ခန့်တွင်လည်း သံတွဲမြို့နယ်၊ လင်းမူတောင်ကျေးရွာအနီးရှိ ယခင် “ကျောက်ခွဲစက်ရုံဟောင်း” ရှိတဲ့နေရာကိုလည်း တပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ကို သိမ်းပိုက်ထားနိုင်သလို ကျန်ရှိသော စစ်တွေ၊ ကျောက်ဖြူတို့မှာ စစ်တပ် နဲ့ AA တို့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။