စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီးမြို့နယ်အတွင်း အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (ENNO/ENDA) အတင်းအဓမ္မဖမ်းဆီးသွားတဲ့ ရှမ်းနီလူငယ်တွေကို ပြန်လွှတ်ပေးဖို့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပြောပါတယ်။
ခန္တီးမြို့နယ် မှန်ပင်ကျေးရွာ၊ ကင်းတော်ရွာ၊ ကောင်းမှုရွာ၊ အောက်ဖောင်ဆိုင်ရွာနဲ့ ကောင်းဟိန်ရွာ စတဲ့ကျေးရွာတွေမှာ ဇူလိုင် ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရှမ်းနီလူငယ် ၂၂ ဦးအပြင် အခြားတိုင်းရင်းသားလူငယ် အများအပြားကို ENNO/ENDA ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ရှမ်းနီလူမျိုးတွေဟာ ရှေးယခင်ကတည်းက ဒေသတွင်းအတူနေတိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေကို ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်နေထိုင်တတ်ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ရှမ်းနီအမျိုးသားများ ညီညွတ်ရေးကောင်စီ/ရှမ်းနီအမျိုးသားများတပ်မတော် (SNUC/SNA) ရဲ့ မူဝါဒကြီး (၅) ရပ်မှ တစ်ရပ်ဖြစ်တဲ့ “မြန်မာပြည်အထက်ပိုင်းဒေသရှိ ပြည်သူလူထုများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး” ဆိုတဲ့ မူအရ အေးချမ်းစွာ နေထိုင်ရပ်တည်နိုင်ရေးအတွက် ကြိုးစားလျက်ရှိတယ်လို့ ဆိုပါတယ်။
ENNO/ENDA အဖွဲ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ပါ အချက်တွေအရ ၎င်းတို့ နာဂဒေသဟုဆိုသော ခန္တီးမြို့နယ်မှ အဆိုပါဒေသတွင်းနေ လူထုတွေကို ၎င်းတို့အဖွဲ့ထံ ပါဝင်ဖို့ လိုအပါကြောင်းနဲ့ တပ်သားသစ် စုဆောင်းခြင်းဖြစ်ကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။

အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (ENNO/ENDA) တပ်ဖွဲ့ဝင်များ
မဖြစ်မနေထမ်းဆောင်ဖို့ လိုအပ်ကြောင်း ဖော်ပြရာမှာ ၎င်းတို့ရဲ့ လူမျိုးဖြစ်တဲ့ နာဂလူမျိုးကို မိမိတို့မှ မည်သို့မျှ ပြောဆိုဖို့ အကြောင်းမရှိကြောင်း၊ သို့သော်လည်း မူလဌာနေလူမျိုးတွေဖြစ်တဲ့ ရှမ်းနီပြည်သူတွေကို မတရား ဖမ်းဆီးခေါ်ဆောင်သွားတာဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ SNA ရဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ လုပ်ရပ်ကို လုံးဝရှုံ့ချပြီး ENNO/ENDA က အဓမ္မဖမ်းဆီးသွားတဲ့ ရှမ်းနီလူငယ်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။
သမိုင်းအစဉ်အလာနဲ့ မိမိတို့ ရှမ်းနီဒေသဖြစ်တဲ့ ခန္တီးခရိုင်အပါအဝင် ဒေသအတွင်း မတရားကျူးကျော်၍ ဒေသတွင်း ရှမ်းနီပြည်သူလူထုကို မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ မတရား ဆက်ကြေးတွေ ထမ်းဆောင်စေခြင်း စတဲ့ ဘယ်အကြမ်းဖက်လုပ်ရပ်တွေကိုဆို ပြင်းထန်စွာ ကန့်ကွက်ပါကြောင်းနဲ့ ထိရောက်စွာ တူညီတဲ့ လက်တုန့်ပြန်မှုတွေကို ဆောင်ရွက်သွားမယ်လို့ ရှမ်းနီအမျိုးသားများ ညီညွတ်ရေးကောင်စီ/ ရှမ်းနီအမျိုးသားများ တပ်မတော် (SNUC/SNA) က သတိပေးထားပါတယ်။
အဆိုပါ ENNO/ENDA အဖွဲ့ကိုတော့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က လက်နက်တပ်ဆင်ပေးထားပြီး လိုင်ဇာမှာ ဆက်ဆံရေးရုံးဖွင့်လှစ်ထားရှိကာ KIA နဲ့ ပူးပေါင်း၍ စစ်ရေး လှုပ်ရှားနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

