သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ကာလိမြို့မှာရှိတဲ့ သျှမ်းကွန်မြူနတီကောလိပ် (Shan Community College) မှာ မနေ့က ဇွန်လ ၂၀ ရက်နေ့မှာ ၅ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အခမ်းအနားမှာ ကျောင်းသားကျောင်းသူ (၅၅) ဦး Associate Degree ဘွဲ့လက်ခံရယူခဲ့ပြီး သျှမ်းအမျိုးသားကျောင်းတွေမှ အထက်တန်းနဲ့ GED အောင်လက်မှတ် ရရှိသူတွေ (၅၅) ဦး၊ စုစုပေါင်း (၁၁၀) ဦးတို့ကို ဘွဲ့လက်မှတ်နဲ့ အောင်လက်မှတ် အသီးသီး ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌ နန်းဟျိုးဆိုင် က သျှမ်းသံတော်ဆင့်ကို ပြောကြားထားပါတယ်။
Shan Community College မှ Associate Degree ဘွဲ့ရပြီးတဲ့ ကျောင်းသား/သူတွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Chiang Mai Rajaphat University နဲ့ Payap University တက္ကသိုလ်တွေမှာ ၂ နှစ် ထပ်မံတက်ရောက်ကာ နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့လက်မှတ်တွေ ရရှိနိုင်မှာဖြစ်ပါတယ်။
“ပညာတော်သင်ကျောင်းသားတွေ၊ အထက်တန်းအောင်မြင်ခဲ့သူတွေနဲ့ GED အောင်မြင်ခဲ့ကြသူ တဦးတစ်ယောက်ချင်းစီ တိုင်းဟာ အခုဆိုရင် ကော်တိုင်းအဖွဲ့အစည်း (Kaw Dai Organization) ရဲ့ ကျောင်းသားဟောင်း (Alumni) မိသားစုဝင်တွေ ဖြစ်သွားကြပါပြီ။ အခက်အခဲပဲရှိရှိ၊ ဘာပဲလိုလို အမြဲတမ်း ဆက်သွယ်ပေးကြပါဦးနော်။ အားလုံးက အားကျအတုယူရတဲ့သူတွေ ဖြစ်အောင် ဆက်လက်ကြိုးစားသွားကြဖို့နဲ့ မိမိကိုယ်ကိုယ် “ကော်တိုင်း” ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့လို့ မှာချင်ပါတယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ထို့အတူ မောင်မယ်တို့ရဲ့ ပညာရေးအတွက် မိမိတို့ကို ယုံကြည်အပ်နှံခဲ့ကြတဲ့ မိဘတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း နဲ့ ကြိုးစားအားထုတ်ခဲ့ကြတဲ့ လူငယ်တွေအားလုံးကိုလည်း ကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။
ကော်တိုင်းအဖွဲ့အစည်း (Kaw Dai Organization – ၵေႃတႆး) လက်အောက်ရှိ အခြေခံပညာကဏ္ဍမှာ ၂၀၀၅ ခုနှစ်မှ စတင်ပြီး မိခင်ဘာသာစကားအခြေပြု သင်ကြားရေးစနစ်ဖြင့် သျှမ်းအမျိုးသားကျောင်းတွေ ဖွင့်လှစ်ထားပြီး အထက်တန်းပြီးမြောက်သူတွေ အနေနဲ့ သျှမ်းကွန်မြူနတီကောလိပ်မှာ အဆင့်မြင့်ပညာ ဆက်လက်တက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါ သျှမ်းကွန်မြူနတီကော်လိပ်အနေနဲ့ ၂၀၁၉ ခုနှစ်မှာ ချင်းရိုင်းမြို့ရှိ Chiang Rai Rajaphat University၊ ၂၀၂၄ ခုနှစ်မှာ ချင်းမိုင်မြို့ရှိ Chiang Mai Rajaphat University ၊ Payap University တို့နဲ့ နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။















