စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်မှ ကျောင်းပြောင်းလာတဲ့ ကျောင်းသား/သူတွေဟာ ကျောင်းပြောင်းလက်မှတ် (TC) မရရှိနိုင်သေးတာကြောင့် ကျောင်းအပ်ရတာ ခက်ခဲမှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့နယ်မှ ဟုမ္မလင်းမြို့နယ်သို့ ကျောင်းပြောင်းလာတဲ့ ကျောင်းသား/သူတွေဟာ ကျောင်းပြောင်းလက်မှတ် ရရှိဖို့ ခက်ခဲနေတာကြောင့် ကျောင်းမတက်ရပဲ ကြန့်ကြာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဗန်းမောက်ဒေသခံ တစ်ဦးက “အရင်ကဆို TC မပါသေး မရသေးရင်လဲ ယာယီ ကျောင်းတက်လို့ရတယ်။ ခုဟာက ပေးမတက်စေဘူးတဲ့လေ။ ဒီဘက် ဗန်းမောက်ဘက်ကလဲ TC လက်မှတ် သွားတောင်းတော့ TC လက်မှတ် အဟောင်းတွေကို နေပြည်တော်က ပို့လိုက်ရတယ်တဲ့။ စနစ်အပြောင်းအလဲကြား TC ဖောင်ပုံစံသစ်ကလဲ ကျောင်းကို ရောက်မလာသေးတော့ ကျောင်းအုပ်ကြီးကလဲ ကျောင်းပြောင်းလက်မှတ်က ထုတ်မပေးတတ်ဘူးဖြစ်နေတယ်။” လို့ ပြောပြပါတယ်။
လက်ရှိမှာ ကျောင်းပြောင်းလက်မှတ် ရရှိဖို့ခက်ခဲတာကြောင့် ကျောင်းအုပ်ကြီးရဲ့ထောက်ခံစာနဲ့ပဲ ကျောင်းသား/သူ များကို ယာယီကျောင်းအပ်လက်ခံပြီး ကျောင်းတက်ခွင့်ပေးဖို့ စီစဉ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဗန်းမောက်မြို့နယ် မံစီကြီးဒေသစိတ်မှ ကျောင်းသားမိဘ တစ်ဦးက “နမ့်တောမှာ ကျောင်းသွားထားတာ G-12, G-11 တွေရော၊ ကျောင်းဖွင့်တာ လဝက်ရှိနေပြီ ကျောင်းပြောင်းလက်မှတ် မပို့ပေးနိုင်သေးဘူး။ လမ်းပန်းဆက်သွယ်ရေးက ကုန်းတစ်တန် ရေတစ်တန် ခက်ခဲပါတယ်ဆိုကာမှ TC က မရတတ်သေးဘူး။ ငါတို့လိုဘဲ မင်းကုန်းကျောင်းမှာ TC မရသေးတဲ့ကျောင်းသားတွေ အများကြီး” လို့ ပြောပြပါတယ်။
လက်ရှိမှာ TC အစား မူလကျောင်းရဲ့ ကျောင်းအုပ်ထောက်ခံပေးမှုဖြင့် ဗန်းမောက် ကျောင်းသား/ကျောင်းသူးတွေဟာ ယာယီကျောင်းတက်နေကြရတယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား နီးစပ်ရာ၊ နမ့်တော၊ ဟုမ္မလင်း၊ မိုးညှင်းဒေသတို့မှာ အသီးသီး တိမ်းရှောင်သွားခဲ့ရမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။