Home » မဟာလူမျိုးကြီးဝါဒရဲ့ ဖိနှိပ်မှုကြောင့် နိုင်ငံပျောက်ဆုံးခဲ့ရဟု KNU ဥက္ကဋ္ဌ ပြော

မဟာလူမျိုးကြီးဝါဒရဲ့ ဖိနှိပ်မှုကြောင့် နိုင်ငံပျောက်ဆုံးခဲ့ရဟု KNU ဥက္ကဋ္ဌ ပြော

by Homeland Author

ကရင်လူမျိုးတွေဟာ မဟာလူမျိုးကြီးဝါဒရဲ့ ဖိနှိပ်မှု နဲ့ အနိုင်ကျင့်မှုတွေကြောင့် တနေရာမှ တနေရာသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြရပြီး နိုင်ငံပျောက်ဆုံးခဲ့ရတဲ့ လူမျိုးတစ်မျိုးဖြစ်ခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဇွန်လ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ကရင်အမျိုးသားတို့ရဲ့ ကော်သူးလေနေ့ သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

“ကော်သူးလေ” ဟူသည့်စကားလုံးမှာ ယနေ့မှပေါ်ပေါက်လာခဲ့ခြင်းမဟုတ်ကြောင်း “ကော်သူးလေ” ဟူသည့် စကားလုံးမှာ ကရင်လူမျိုးတွေနဲ့အတူ ရှင်သန်နေခဲ့တာကို ကရင့်သမိုင်းထဲမှာ ဖော်ပြထားရှိခဲ့တယ်လို့ ဆိုပါတယ်။

ကရင်လူမျိုးတို့ဟာ အမျိုးသားလက္ခဏာ၊ နယ်မြေ နဲ့ အုပ်ချုပ်ရေး စတဲ့ လက္ခဏာတွေနဲ့ ပြည့်စုံတဲ့ လူမျိုးတစ်မျိုးဖြစ်ပြီး မြန်မာပြည်သို့ ပထမဦးဆုံး ဝင်ရောက်နေထိုင်ခဲ့တဲ့ လူမျိုးတစ်မျိုးဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ကရင်လူမျိုးတွေဟာ သမိုင်းကြောင်းအရ အခြားလူမျိုးတွေနဲ့ အတူတကွ နေထိုင်ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံအပေါ် မိမိ “ကိုယ်ပိုင်နိုင်ငံ နဲ့ အုပ်ချုပ်ရေး” ရှိရမည်ဟု သိမြင်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း ကရင်လူမျိုးတွေဟာ မဟာ လူမျိုးကြီးဝါဒ၏ ဖိနှိပ်မှု နဲ့ အနိုင်ကျင့်မှုတွေကြောင့် တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့နေထိုင် ခဲ့ကြရပြီး နိုင်ငံပျောက်ဆုံးခဲ့ရတဲ့ လူမျိုးတစ်မျိုးဖြစ်ခဲ့တဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ် ခွင့် ရရှိရေးအတွက် လက်နက်ကိုင်တော်လှန်တိုက်ပွဲ၀င်နေကြရတယ်လို့ ဆိုပါတယ်။

ကရင့်အမျိုးသားတော်လှန်ရေးလှုပ်ရှားမှုဟာ ကရင်လူမျိုးတို့ရဲ့ ရည်မှန်းချက် နဲ့ အိပ်မက် ဖြစ်တဲ့ “ကော်သူးလေ ကရင်ပြည်” ထူထောင်ခြင်းဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့များ

“ကော်သူးလေ” ကရင်ပြည်ကို တည်ထောင်ခြင်းဟာ လိုအင်ဆန္ဒ တစ်ခုတည်းဖြင့်သာ တည်ဆောက်၍ မရဟု အတွေ့အကြုံတွေလည်း ရှိခဲ့ပြီးဖြစ်ပြီး ဖြစ်ပေါ်တိုးတက်လာတဲ့ နိုင်ငံရေးအခြေအနေ နဲ့ မိမိလူမျိုးရဲ့ အခြေအနေ နဲ့ ကိုက်ညီ၍လက်တွေ့ကျတဲ့ တည်ဆောက် မှုရှိဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

လက်ရှိနိုင်ငံရေးအခင်းအကျင်းအောက်မှာ KNU အနေဖြင့် ကရင်အမျိုးသားတွေ လိုလားတောင့်တနေတဲ့ “ကော်သူးလေ ကရင်ပြည်” ရရှိရေးအတွက် တောင်းယူခြင်းမဟုတ်တဲ့ အောက်ခြေပြည်သူလူထုမှ မိမိတို့ကော်သူးလေနယ်မြေကိုမိမိတို့ကိုယ်တိုင် သတ်မှတ်ခြင်း၊ မိမိတို့ ကော်သူးလေအုပ်ချုပ်ရေးကို မိမိတို့ကိုယ်တိုင် လက်ခံခြင်း၊ မိမိတို့ ကော်သူးလေ အစိုးရ ကို မိမိတို့ကိုယ်တိုင်အသိအမှတ်ပြုခြင်း ဆိုတဲ့ အောက်ခြေမှ အသိအမှတ်ပြုတဲ့ ခိုင်မာအားကောင်းသော တည်ဆောက်မှုဖြင့် အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မိမိနိုင်ငံရေး ကံကြမ္မာ မိမိကိုယ်တိုင်ဖန်တီးရေး နဲ့ ကရင်လူမျိုးတွေ သာမက လူမျိုးတွေအားလုံး ကြီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးတို့ကို ခေတ်ကာလ နဲ့အညီ တိုးတက် ပြောင်းလဲ နေတဲ့ နိုင်ငံရေးအခြေအနေတွေအောက်မှာ အုပ်ချုပ်ရေးနဲ့ပြည်သူ့ရေးရာစီမံခန့်ခွဲရေး တို့ကို နားလည်သဘောပေါက် တတ်ကျွမ်းဖို့ လေ့လာသင်ယူရမယ်လို့ ဆိုပါတယ်။

လာမယ့် အနာဂတ်ကာလမှာ မိမိတို့ရဲ့ ကံကြမ္မာကို မိမိတို့က သာလျှင် ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့ နေရာကဏ္ဍ အသီးသီးတို့မှာရှိနေကြတဲ့ အနာဂတ် မျိုးဆက်သစ်တွေကို မွေးထုတ်သွားပြီး ကရင်ပြည် “ကော်သူးလေ” ထူထောင်ရေးကို အတူတကွ အင်တိုက်အားတိုက် ကြိုးပမ်း ဖော်ဆောင်တည်ဆောက်ကြဖို့ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းထားပါတယ်။

related posts

Leave a Comment