ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ စစ်တပ် နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပူးပေါင်းတပ်တို့အကြား မေလ ၄ ရက်နေ့မှာ နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လုံးခင်းကျေးရွာ နဲ့ မှော်ဆီဆာ၊ အောင်သာယာ၊ ကုဋေမှော် စတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဒရုန်းတွေအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေကြတယ်လို့ သိရပါတယ်။
အဲဒီ တိုက်ပွဲအတွင်းပိတ်မိနေတဲ့ ဒေသခံတွေအများအပြားလည်းရှိနေပြီး အစားအသောက်တွေ ပြတ်လပ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲကြောင့် ပိတ်မိနေသူ ဒေသခံတစ်ဦးက “ဖားကန့် – ကာမိုင်းလမ်းပိတ်ထားလို့ ဈေးထဲမှာ ပစ္စည်းတွေ ပြတ်နေတာ တိုက်ပွဲဖြစ်လိုက်တော့ ဈေးပါပိတ်လိုက်ရပြီ။ အပြင်ကို မထွက်ရဲကြတော့ဘူး။ စားစရာတွေလည်း ပြတ်နေပြီ” လို့ ပြောပါတယ်
KIA တပ်မဟာ ၉ က ဖားကန့် – ကာမိုင်းလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့် အားရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ၂၀၂၆၊ ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ လမ်းအသုံးပြုခွင့် ပိတ်ပင်ထားမှုကို ချိုးဖောက်၍ ကာမိုင်းလမ်းကို အသုံးပြုပါက တော်လှန်ရေးအဖွဲ့မှ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မေလ ၄ ရက်နေ့ မနက် ၅ နာရီဝန်းကျင်မှ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေခဲ့ပြီး တိုက်ပွဲကြောင့် နေအိမ်အဆောက်အဦးတွေ၊ ဆိုင်ခန်းတွေ ထိခိုက်ပျက်စီးခဲ့ပြီး အချို့နေရာတွေမှာ မီးလောင်ပျက်စီးမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။
ဖားကန့်ဒေသဟာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)ရဲ့အကျိုးစီးပွားရရှိတဲ့ အဓိကအရင်းအမြစ်တစ်ခုဖြစ်ပြီး ထိုဒေသကို လက်မလွှတ်ရရေးအတွက် KIA က အစွမ်းကုန်ကာကွယ်နေတာဖြစ်တယ် ဒေသခံတွေက ဆိုပါတယ်။
အရင်ကတည်းက ဖားကန့်ဒေသမှာ စစ်တပ် နဲ့ KIA ပူးပေါင်းတပ်တို့အကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပြီး အရပ်သား ထိခိုက်ဒေသဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။