Home » နမ့်နန်းမှာ PDF က ကားရောင်း/ဝယ်သမားတွေကို ဖမ်းဆီး၍ သိန်း ၇၀၀ စီ ငွေညှစ်

နမ့်နန်းမှာ PDF က ကားရောင်း/ဝယ်သမားတွေကို ဖမ်းဆီး၍ သိန်း ၇၀၀ စီ ငွေညှစ်

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နမ့်နန်းမှာ ဟုမ္မလင်း – PDF တွေက ကားအရောင်း/အဝယ် ပြုလုပ်သူ နှစ်ဦးကို ဖမ်းဆီးပြီး တစ်ဦးကို ကျပ် သိန်း ၇၀၀ ငွေညှစ်၍ ဆက်ကြေးတောင်းခံမှု ဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်မှာ ကားအရောင်းအဝယ် ပြုလုပ်သူအချင်းချင်း ချိတ်ဆက်၍ အောက်ပိုင်းဒေသဖြစ်တဲ့ မုံရွာ၊ မန္တလေးမှ ကားကို ပို့ဆောင်ခဲ့ရာမှာ နမ့်နန်းသို့ ရောက်ရှိလာပြီဖြစ်တဲ့အတွက် သွားယူချိန် ဖမ်းဆီးခံရတာလို့ အဲဒီအခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။

ဧပြီလ ဒုတိယပတ်ခန့် သင်္ကြန်ပွဲတော်ကာလမတိုင်ခင် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဧပြီ ၂၃ ရက်မှာတော့ တောင်းခံတဲ့ ငွေပေးဆောင်၍ ပြန်လွှတ်ခဲ့ကြောင်း ဆိုပါတယ်။

“တစ်ယောက်ကို သိန်း ၇၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်။ ကားရောအရှုံးပေါ့၊ အောက်ပိုင်းကနေပြီးတော့ ကားတွေ ပို့ခဲ့တာပေါ့၊ ကားသမားအချင်းချင်း ချိတ်ဆက်ပြီးတော့၊ ဒီ နမ့်နန်းအထိ အရောက်ဆို ဘယ်လောက်ဆိုပြီး အရောင်းအဝယ်၊ သယ်တာပို့တာတွေ လုပ်ကြတာကိုး၊ ကားတွေ ရောက်လာပြီဆိုရင်တော့ နောင်ပူအောင်၊ ဟုမ္မလင်းဖက်မှာ နေတဲ့သူတွေက နမ့်နန်းမှာ ကားသွားယူ၊ အောက်ပိုင်းကနေ ပို့လာတဲ့သူက နမ့်နန်းမှာ ကားရောက်ပြီဆိုပြီး ဆက်သွယ်လာတာ၊ သူတို့ သူငယ်ချင်းနှစ်ယောက်က ကားသွားယူကြတာ၊ PDF တွေက ဖမ်းထားလိုက်ပြီး တစ်ယောက်ကို သိန်း ၈၀၀ တောင်းတာတဲ့ သိန်း ၇၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်၊ ကားလည်း ရှုံးသွားပြီ” လို့ ပြောပါတယ်။

အရင်ကလည်း အဲဒီလို ဖြစ်စဉ်မျိုးဖြစ်ပွားခဲ့ကြောင်း နမ့်နန်းမှာ ရှိတဲ့ ဟုမ္မလင်း – PDF က ဖမ်းဆီး၍ သိန်း ၈၀၀ ငွေညှစ်တောင်းခံပြီး သိန်း ၇၀၀ ဖြင့် ညှိနှိုင်းရရှိခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်မှာတော့ ကားပြန်ရခဲ့တယ်လို့ ဆိုပါတယ်။

ဟုမ္မလင်း – PDF က မတရားသိမ်းဆည်းထားတဲ့ ကားမှာ နောက်ဆုံးပေါ်ကားဖြစ်ကြောင်း၊ အခြားသူတွေလည်း အခုလို သယ်ယူပို့ဆောင်နေပေမယ့် ၎င်းတို့ကိုသာ ဖမ်းဆီးငွေညှစ်ခြင်းဖြစ်ကြောင်း ဆိုပါတယ်။

“နောက်ဆုံးပေါ် မော်ဒယ်လို့ ပြောတယ်၊ ကားအမျိုးအစားတော့ ကျနော်လည်း မသိဘူး။ သူတို့က (PDF) အဲလို ကားမော်ဒယ်မြင့်တဲ့ဟာဆိုရင်တော့ အဖွဲ့အစည်းထဲက စီးမယ်လို့ ထင်လို့ အဲဒီလို ဆွဲထားလို့ ထင်နေကြတာ၊ သူများတွေလည်း လုပ်နေကြတာပဲလေ ဒီလူတွေမှ လာပြီး ဖမ်းငွေညှစ်တဲ့ ပုံစံဖြစ်နေတာ၊ ပြန်ပေးဆွဲမှုလိုလို အနုကြမ်းစီးမှုလိုလို လုပ်နေကြတာပေါ့။ အခုက” လို့ ပြောပါတယ်။

ဟုမ္မလင်း – PDF က ဖမ်းဆီး၍ ငွေညှစ်မှု ဖြစ်စဉ်မျိုးတွေဟာ မကြာခဏ ဖြစ်ပွားနေပေမယ့် သတင်းထွက်ပေါ်လာခြင်း မရှိကြောင်း၊ အခုဖြစ်စဉ်မှာ မိမိတို့နဲ့ နီးစပ်တဲ့သူဖြစ်တာကြောင့် ကြားသိရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဟုမ္မလင်း – PDF တွေက နမ့်နန်းမှာ ဆက်ကြေးတွေ ကောက်ခံနေသလို ရွှေပြည်အေးဂိတ်မှာလည်း မော်တော်ရေယာဉ်တွေကို အခွန်အဆမတန် ကောက်ခံမှုတွေကြောင့် ဝေဖန်မှုတွေ မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment