မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ထုတ်ပြန်လာပါတယ်။
RCSS ရဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က သျှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်မြို့နယ် အတွင်းရှိ ၎င်းတို့ ထိန်းချုပ်နယ်မြေ ‘ပန်တီး’ စခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ပြင်းထန်စွာ အရေးယူမယ့်အပြင် သစ်တောတွေ ခုတ်ထွင်ပြီး တောင်ယာလုပ်ငန်းလုပ်တာ၊ ငါးဖမ်းရာမှာ အဆိပ်ခတ်တာ/မိုင်းခွဲ ဖမ်းဆီးတာတွေကိုလည်း တင်းကျပ်စွာ တားမြစ်လိုက်တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိသူတွေကို ဆေးဖြတ်ကုသပေးကာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးပြီးနောက် အမျိုးသားအနေဖြင့် (၁၅) နှစ်၊ အမျိုးသမီး (၆)နှစ်ကြာ အမျိုးသားရေး တာဝန်တွေကို ထမ်းဆောင်စေခိုင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး ရောင်းချသူတွေကိုတော့ ထောင်ဒဏ် ချမှတ်မယ့်အပြင် အမျိုးသားရေး တာဝန်ထမ်းဆောင်ရမယ့် နှစ်အရေအတွက်ကိုလည်း အဖွဲ့အစည်းမှ ထပ်မံအတည်ပြု ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ အစည်းအဝေးကို ပြည်တွင်းအုပ်ချုပ်ရေးဌာန နဲ့ နယ်မြေခံတပ်ရင်းတွေ ပူးပေါင်းစီစဉ်တာဖြစ်ပြီး စီးပွားရေးဌာန၊ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးတွေ၊ နယ်မြေခံအုပ်ချုပ်ရေးမှူးတွေ နဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ စုစုပေါင်း ၁၅၈ ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြည်တွင်းအုပ်ချုပ်ရေးဌာနရဲ့ ဖွဲ့စည်းပုံတွေ၊ အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ လူဦးရေ နဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ဘာသာရေး အဆောက်အဦဆိုင်ရာ အချက်အလက်တွေ ကောက်ယူခြင်း လုပ်ငန်းတာဝန်တွေကို ပြောကြားခဲ့ပါတယ်။
အဲဒီနောက် ဗိုလ်ချုပ်ကြီးယွက်စစ်က ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး လမ်းညွှန်ချက်တွေ ချမှတ်ခဲ့ရာမှာလည်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး နဲ့ ဈေးကွက်မြှင့်တင်ရေး ကဏ္ဍတွေ ပါဝင်တယ်လို့ သိရပါတယ်။
RCSS အုပ်ချုပ်ရေး နယ်မြေအသီးသီးက တာဝန်ရှိသူတွေရဲ့ တင်ပြချက်တွေအပေါ် အခြေခံပြီး ဆုံးဖြတ်ချက် (၁၀) ချက်၊ မှတ်တမ်း(၇)ချက် နဲ့ အတည်ပြုချက်(၂) ချက် တို့ကို ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


