စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ နမ့်ကပေါအင်း နဲ့ သဝန်အင်းတို့မှာ ဒေသခံတောင်သူတွေ နဲ့ ရေလုပ်သားတွေရဲ့ လူမှုစီးပွားဘဝကို ထိခိုက်စေတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင် ဦးမျိုးနိုင်ကို အင်းလုပ်ကိုင်ခွင့် မပြုဖို့ ကန့်ကွက်နေကြပါတယ်။
အဆိုပါ ကန့်ကွက်နေမှုကို လျစ်လျူရှု့၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးမျိုးနိုင်ကို ထပ်မံကာ (၃) နှစ်သက်တမ်း ကြေးဒိုင်လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာတဲ့အတွက် ဒေသခံတွေအကြား ပြင်းထန်စွာ ဝေဖန်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အဆိုပါ အင်းလုပ်ကွက်တွေကို ဒေသခံရေလုပ်သားတွေ နဲ့ တောင်သူတွေ ပူးပေါင်းပြီး “ဒေသခံရေလုပ်သား အစုအဖွဲ့” အဖြစ် စနစ်တကျ လုပ်ကိုင်နိုင်ဖို့ ငါးလုပ်ငန်းဦးစီးဌာနသို့ လျှောက်ထားခဲ့ကြသော်လည်း အဆိုပါ လျှောက်ထားမှုမှာ တစုံတရာ ထူးခြားမှု မရှိကြောင်း သိရပါတယ်။
အဲဒီအဖွဲ့မှာ ပါဝင်တဲ့ ရေလုပ်သားခေါင်းဆောင်တွေဟာ အင်းခွန် တစ်နှစ်စာအတွက် လိုအပ်တဲ့ အာမခံကြေးတွေကိုပါ ဘဏ်စာအုပ်မူရင်းနဲ့တကွ ငါးလုပ်ငန်းဦးစီးဌာနသို့ တရားဝင် ပေးအပ်ကာ ဦးမျိုးနိုင်ရဲ့ ကြေးဒိုင်လျှောက်ထားမှုကို ကန့်ကွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
သို့သော်လည်း အစိုးရအဖွဲ့မှ ဝန်ကြီးတွေက ဒေသခံရာပေါင်းများစွာရဲ့ အကျိုးစီးပွားထက် လုပ်ငန်းရှင် တဦးတည်းရဲ့ အကျိုးစီးပွားကို ဦးစားပေးကာ ဦးမျိုးနိုင်ကို (၃) နှစ်သက်တမ်းအထိ ကြေးဒိုင်အဖြစ် ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်းဟာ လက်ရှိမှာ ၎င်းရဲ့ ဇာတိမြေဖြစ်တဲ့ ဟုမ္မလင်းဒေသသို့ ရောက်ရှိနေသော်လည်း အဆိုပါ အင်းလုပ်ကိုင်ခွင့် ဆုံးဖြတ်ချက် နဲ့ ပတ်သက်၍ ဒေသခံတွေက မေးမြန်းရာ ၎င်းအနေဖြင့် တရားဝင် သိရှိခြင်း မရှိသေးဟု အကြောင်းပြန်လာကြောင်း နီးစပ်သူတွေက ပြောပါတယ်။
ဒေသခံတွေကတော့ ၎င်းတို့ရဲ့ အခက်အခဲတွေကို စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးမှ တဆင့် အစိုးရအဖွဲ့ထံ ပြန်လည်တင်ပြပေးဖို့ နဲ့ မတရားသော ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပေးဖို့ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။
အဆိုပါ လုပ်ငန်းရှင် ဦးမျိုးနိုင်ဟာ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးအောင်သူဆိုသူနဲ့ ပူးပေါင်း၍ ကိုယ်ပိုင်လက်နက်ကိုင်တွေ ဖွဲ့စည်းကာ တောင်သူတွေကို ခြိမ်းခြောက်နေသလို စိုက်ပျိုးရေးတွေမှာလည်း ရေပိတ်ဆို့မှုကြောင့် ပျိုးခင်းတွေ ရေမြှုပ်ပျက်စီးခဲ့ရပြီး ဒေသတွင်း စပါးဖူလုံမှုကို ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ငါးခိုးယူရှာဖွေကြောင်း စွပ်စွဲပြီးအထောက်အထားမဲ့ စွပ်စွဲချက်တွေနဲ့ တောင်သူတစ်ဦးကို ငွေကျပ် သိန်း (၅၀) အထိ လျှော်ကြေးမတရား တောင်းခံခဲ့တဲ့ လုပ်ရပ်တွေကို ကျူးလွန်ထားသူလည်း ဖြစ်တယ်လို့ ပြောပါတယ်။
ဒါကြောင့် အခုလို အင်းလုပ်ကိုင်ခွင့်အတွက် လုပ်ငန်းရှင် ဦးမျိုးနိုင်ကို (၃) နှစ်သက်တမ်း ထပ်မံပေးလိုက်တာဟာ ဒေသခံတောင်သူတွေ နဲ့ ရေလုပ်သားတွေအတွက် များစွာဆုံးရှုံးနစ်နာခဲ့ပြီး ဒေသတွင်း ပဋိပက္ခတွေကို ပိုမိုကြီးထွားလာစေနိုင်တယ်လို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။