Home နိုင်ငံရေး နမ့်နန်းမှာ လူသတ်တရားခံတွေကို ပလဖအဖွဲ့ထဲ ဝင်ခိုင်းမှု ဒေသခံတွေ မလိုလား၊ လူသတ်သမားလက်ထဲ သေနတ်ရောက်သွားဟု ပြော

နမ့်နန်းမှာ လူသတ်တရားခံတွေကို ပလဖအဖွဲ့ထဲ ဝင်ခိုင်းမှု ဒေသခံတွေ မလိုလား၊ လူသတ်သမားလက်ထဲ သေနတ်ရောက်သွားဟု ပြော

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ နမ့်နန်းကျေးရွာမှာ လူသတ်မှုတခုကို ကျူးလွန်ခဲ့သူ တရားခံ ၃ ဦးကို မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) မှ ထောင်ဒဏ် ၁ နှစ်ချမှတ်၍ ၎င်းတို့အဖွဲ့ထံ ဝင်ရောက်ခိုင်းမှုကို ဒေသခံတို့က မလိုလားဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့က နမ့်နန်းဈေးတန်းမှာ စက်ပစ္စည်း အရောင်းဆိုင် စိန်စိမ်းပွင့်မှ ဆိုင်ရှင်တွေကို ၎င်းတို့ လုပ်သား ၂ ဦးအပါအဝင် လုပ်သားတဦးရဲ့ အကိုဖြစ်သူ စုစုပေါင်း ၃ ဦးက လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လုပ်ကြံမှုကြောင့် ဆိုင်ရှင်အမျိုးသမီးက ပွဲချင်းပြီး သေဆုံး၍ သားဖြစ်သူမှာလည်း ဓားခုတ်ဒဏ်ရာတွေ ရရှိပြီး သတိလစ်မေ့မြောခဲ့တယ်လို့ အဲဒီအခြေအနေ သိရှိသူတွေက ပြောပါတယ်။

“ဆိုင်ရှင်အမျိုးသမီးက ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။ သားဖြစ်သူလည်း ဓားခုတ်ဒဏ်တွေ အများကြီးနဲ့ သတိလစ်မေ့မြောခဲ့ရတယ်။ ဆိုင်ရှင်အမျိုးသားကိုလည်း သတ်ဖို့ ကြံစည်ခဲ့ကြတယ်။ ဒါပေမဲ့ ဈေးဝယ်တွေ လာလို့ တရားခံတွေက ထွက်ပြေးသွားတာကြောင့် အဲဒီ အမျိုးသား လွတ်သွားတာ၊ ၂ ရက်နေတော့ တရားခံတွေကို ဖမ်းမိပါတယ်” လို့ ပြောပါတယ်။

လက်ရှိ အဆိုပါ လူသတ်တရားခံတွေကို နမ့်နန်းမှာ ပလဖတွေက ထိန်းသိမ်းထားပြီး အခြားကြီးလေးတဲ့ ပြစ်ဒဏ်တွေအစား ထောင်ဒဏ် ၁ နှစ်ခန့်သာ ချပြီး ပြစ်ဒဏ်ပြည့်ပါက ပလဖအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခိုင်းမယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တရားခံတွေကို ရိုက်နှက်ဆုံးမတာ မရှိဘူး။ ပြစ်ဒဏ်အနေနဲ့ ထောင် ၁ နှစ်ပဲ ချပြီး၊ သူတို့အဖွဲ့ (ပလဖ) မှာ ဝင်ခိုင်းမယ်လို့ သိရတယ်။ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ လူသတ်သမားတွေ လက်ထဲ သေနတ် ရောက်သွားရင် ပြည်သူတွေအတွက် လုံးဝမတွေးရဲစရာပါပဲ” လို့ ပြောပါတယ်။

အဲဒီအမှုအခင်း မဖြစ်ပွားခင် နမ့်နန်းအနီးဝန်းကျင်ရှိ ကျေးရွာတွေမှာလည်း တရားခံမပေါ်တဲ့ လူသတ်မှုတွေ ဖြစ်စဉ်တွေ မကြာခဏ ကြုံတွေ့နေရကြောင်း၊ ဒါကြောင့် အခုလို တရားခံမိထားချိန်မှာ ကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူသင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟုမ္မလင်းမြို့နယ် နဲ့ ဖောင်းပြင်မြို့နယ်အစပ်မှာ တည်ရှိတဲ့ နမ့်နန်းကျေးရွာအပါအဝင် အနီးအနားရှိ တုံစီ၊ မက္ကလက်၊ ပင်ဖာဖာ၊ နောင်ဖါမူ၊ တောင်ခြေရင်း၊ နမ့်ပါတ်ကားကျေးရွာတွေကို PDF တွေက ထိန်းချုပ်ထားပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းက PDF ထိန်းချုပ်နယ်မြေတွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာ၊ သုံးစွဲတာတွေနဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ခိုးဆိုးလုယက်မှုတွေကြောင့် ည ၁၀ နာရီမှ မနက် ၅ နာရီအတွင်း ညမထွက်ရအမိန့်ကို ဟုမ္မလင်း – PDF အဖွဲ့မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

related posts

Leave a Comment