မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ၁၀ နှစ်တာကာလအတွင်း စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု နံပါတ် ၁ နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နဲ့ ရာဇဝတ်မှုဆိုင်ရာ ရုံး (UNODC) အစီရင်ခံစာက ဖော်ပြပါတယ်။
အခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမြေဟာ ပြီးခဲ့တဲ့ နှစ်ထက် ၁၇ ရာခိုင်နှုန်း တိုးလာပြီး ၅၃,၁၀၀ ဟက်တာအထိရှိလာတယ်လို့ ဒီနေ့ ဒီဇင်ဘာလ ၃ ရက်မှာ UNODC ရဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း ဘိန်းစိုက်ပျိုးထုတ်လုပ်သူတွေထဲ အချိန်ကြာမြင့်စွာ ပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ် အာဖဂန်နစ္စတန်မှာ တာလီဘန်အစိုးရမှ ဘိန်းလုပ်ငန်းကို နှိမ်နင်းပြီးနောက် ကမ္ဘာ့အဆင့် ၁ နေရာကို မြန်မာက ရယူခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ဘိန်းစိုက်ပျိုးမှုတွေအနက် သျှမ်းပြည်က တစ်နိုင်ငံလုံး အတိုင်းအတာရဲ့ ၈၀ ရာခိုင်နှုန်းအထိရှိပြီး အဓိက ဘိန်းစိုက်ပျိုး နယ်မြေတစ်ခုဖြစ်နေတယ်လို့ UNODC က ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ်က သျှမ်းပြည်မှာ ဘိန်းစိုက်ပျိုးမြေ ၃၉,၇၀၀ ဟက်တာရှိပြီး အခုနှစ် ၂၀၂၅ ခုနှစ်မှာ ၄၆,၇၀၀ ဟက်တာအထိ တိုးလာကြောင်း အဲဒီ ဘိန်းစိုက်ပျိုးဒေသတွေမှာ အဓိကအားဖြင့် သျှမ်းပြည်အရှေ့ပိုင်း နဲ့ သျှမ်းပြည်တောင်ပိုင်းတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
မြန်မာက ထွက်ရှိတဲ့ ဘိန်းဖြူ (Heroin) ကို အနောက်နိုင်ငံဈေးကွက်တွေမှာ ကူးသန်းရောင်းဝယ်နေတဲ့ လက္ခဏာတွေ တွေ့ရှိနေရပြီး စစ်ဒဏ်သင့် မြန်မာနိုင်ငံမှာ တရားမဝင် သတ္တုတူးဖော်ခြင်းမှအစ ကျားဖြန့်လိမ်လည်မှုတွေ၊ မက်သာ ဖက်တမင်း နဲ့ ဘိန်းဖြူတို့လို တရားမဝင် မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ခြင်းအထိ မှောင်ခိုလုပ်ငန်းမျိုးစုံ စုဝေးရာ ဗဟိုချက် ဖြစ်လာနေတယ်လို့ ဆိုပါတယ်။
အခု၂၀၂၅ခုနစ်အတွင်း ဘိန်းစိုက်ပျိုးမြေတွေအနက် သျှမ်းပြည်ပြီးရင် ကချင်ပြည်နယ်မှာ ၄,၂၅၀ ဟက်တာ၊ ကယားပြည်နယ် ၆၂၈ ဟက်တာ နဲ့ စစ်ကိုင်းမှာ ၅၅၂ ဟက်တာ ရှိတယ်လို့ UNODC ၏ အစီရင်ခံစာမှာ ဖော်ပြပါတယ်။