Home » တန်ဆောင်တိုင်အတွက် တောင်ကြီးနဲ့ ကလော ဟိုတယ်ဘိုကင် ၈၀ ရာခိုင်နှုန်းခန့် ပြည့်နေ

တန်ဆောင်တိုင်အတွက် တောင်ကြီးနဲ့ ကလော ဟိုတယ်ဘိုကင် ၈၀ ရာခိုင်နှုန်းခန့် ပြည့်နေ

by Homeland Author

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ နှစ်စဥ် ကျင်းပနေကျဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို လုံခြုံရေးအစီအမံတွေနဲ့ အဝေရာမီးပုံးပျံကွင်းမှာ ၈ ရက်ကြာ ကျင်းပသွားမှာ ဖြစ်တာကြောင့် လက်ရှိမှာ တောင်ကြီးနဲ့ ကလောက ဟိုတယ်တွေ ၈၀ ရာခိုင်နှုန်းခန့် ကြိုတင်ဘိုကင်တွေ ပြည့်နေပြီလို့ သိရပါတယ်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို ကျပ်သိန်းပေါင်း ၅ ထောင်ကျော် အကုန်ကျခံပြီး လာမယ့် အောက်တိုဘာလ ၂၉ ရက်ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် ကိုဗစ် ၁၉ ကပ်ရောဂါ​အပါအဝင် ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲဖြစ်ချိန်ကနေစပြီး နယ်မြေအခြေအနေနဲ့ ဘတ်ဂျက်အခြေအနေတွေကြောင့် တောင်ကြီးတန်တောင်တိုင် မီးပုံးပျံပွဲတော်ကို ၃ နှစ်တာ မကျင်းပနိုင်ခဲ့တာရှိခဲ့သလို အကျဥ်းချုံံ့ပြီး ကျင်းပခဲ့ရတဲ့ နှစ်တွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ စည်စည်ကားကား ပြန်လည်ကျင်းပနိုင်ခဲ့ပြီး ဒီနှစ်မှာဆိုရင်လည်း ပွဲတော်အတွင်း နေ့လွှတ် အရုပ်ပြိုင်ပွဲ အရုပ်ခြေ နှစ်ချောင်း၊ အရုပ်ခြေ လေးချောင်း အရုပ်အုပ်စုတွေအပြင် ညလွှတ်ပြိုင်ပွဲမှာ ညမီးကြီးမီးပုံးပျံ စိန်နားပန်မီးပုံးပျံတို့ကို အရင်နှစ်ထက်ပိုပြီး ပါဝင်တယ်လို့ သိရပါတယ်။

အဲဒါအပြင် ဒီနှစ် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်မှာ ထူးခြားမှုအနေနဲ့ မီးပုံးပျံအလှ စိန်ခေါ်ပွဲကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပဖို့ ၁ လခန့် လိုသေးပေမယ့်လည်း ပွဲတော်ကို လာရောက်ဖို့အတွက် ဟိုတယ်ဘိုကင် တင်ထားတဲ့ နှုန်းဟာဆိုရင် ၈၀ ရာခိုင်နှုန်းခန့် ပြည့်နေပြီဖြစ်တယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဇော်စိုးက ပြောပါတယ်။

“ဟိုတယ်ဘိုကင်ကတော့ ကျနော်တို့ အကြမ်းဖျင်းမေးကြည့်တာတော့ ၈၀ ရာခိုင်နှုန်းလောက်က ပြည့်နေပြီဗျ။ ကျန်တဲ့ဟာဆိုလည်း ငွေမချေတာပဲ ရှိတဲ့သူတွေ။ ၂၀ ရာခိုင်နှုန်းလောက်တော့ ကျန်မယ်ထင်တယ်။ ကလောတို့ဆိုလည်း တော်တော်များများ ပြည့်နေပြီ။ တချို့ဆိုလည်း အိမ်အလုံးလိုက်ပေါ့ အလုံးလိုက် ငှားပြီး လာကြတာပေါ့။ တချို့ကလည်း အုပ်စုလိုက်လာတယ်။ မနှစ်ကဆို ဟိုတယ်မရတော့ ကားပေါ်မှာ အိပ်ကြတယ် အဲဒီလိုမျိုး ဖြစ်တယ်” လို့ ပြောပါတယ်။

အရင်နှစ်က တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်မှာ အရုပ်အုပ်စုမီးပုံပျံ ၆ လုံးလောက်နဲ့ ညမီးကျည် အပါအဝင် စိန်နားပန်မီးပုံးပျံအလုံးရေ ၄၉ လုံးသာ လွှတ်တင်နိုင်ခဲ့ပေမယ့် အခုနှစ်မှာတော့ တစ်နေ့ကို အရုပ်အုပ်စုမီးပုံပျံ ၁၀ လုံးနဲ့ ညမီးကျည်အပါအဝင် စိန်နားပန်မီးပုံးပျံအလုံးရေ ၇၀ ကျော်အထိ လွှတ်တင်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ဒီနှစ် တောင်ကြီးတန်တောင်တိုင်ပွဲမှာ ခရီးသွားပြည်သူ လာရောက်တဲ့နှုန်းဟာ များမှာ ဖြစ်တယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဇော်စိုးက ပြောပါတယ်။

“ခရီးသွားတော့ များတယ်ဗျ။ အခုတောင် တော်တော်များများ ဟိုတယ်ဆိုရင် မရှိတော့ဘူး။ အခုချိန်မှာ ဘိုကင်တွေပေါ့နော် တော်တော်များများ ပြည့်နေပြီ။ မနှစ်ကဆိုရင် အနီးစပ်ဆုံး မနှစ်က ၂၀၂၄ ဆိုရင် ကျနော်တို့တောင်ကြီးမှာ ဟိုတယ်တွေ အကုန်လုံး ပြည့်သွားတယ်။ အောက်က ညောင်ရွှေတို့ ရွှေညောင်တို့နဲ့ အင်းလေးက ဟိုတယ်တွေပါ တစ်ခါ ထပ်ပြီး ပြည့်။ နောက်ဆုံး အိမ်တွေပါ ငှားနေရတဲ့အထိ ဖြစ်သွားတယ်။ ဒီနှစ်လည်း ဒီထက်များမယ်ထင်တယ်။ ဘာလို့ဆိုရင် ကျနော်တို့ မီးပုံးပျံအရေအတွက်လည်း များတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ အဆိုပါ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်အဖြစ် ကမ္ဘာ့အမွေအနှစ် ယူနက်စကို (UNESCO) စားရင်းဝင် တင်သွင်းနိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်အစိုးရဟာ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကျင်းပဖို့ ပြင်ဆင်နေတာအပြင် အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကိုလည်း စက်တင်ဘာ ၂၂ ရက်နေ့မှာ စတင်ကျင်းပနေတာလည်း ဖြစ်ပါတယ်။

related posts

Leave a Comment