ဧရာဝတီတိုင်းဒေသကြီးက ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေမှာ ဟိုတယ်တွေ လာမယ့်သင်္ကြန်ရုံပိတ်ရက်ကာလအတွက် အခန်းတွေ ကြိုတင်ဘိုကင်မှာယူတာတွေကြောင့် ၃ ပုံ ၂ ပုံခန့် ပြည့်နေပြီလို့ သိရပါတယ်။
ငွေဆောင်ကမ်းခြေမှာ ဟိုတယ်အားလုံး ဒီနှစ်မှာ ဖွင့်လှစ်ထားပြီး ချောင်းသာမှာတော့ ကိုဗစ်ကာလကတည်းက ပိတ်ထားခဲ့တဲ့ ဟိုတယ် ၄ လုံးက လွဲရင် အားလုံးဖွင့်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ သင်္ကြန်ကာလအတွက် ဟိုတယ်ဘိုကင်တွေက ဒီအချိန်မှာ ပြည့်နေပြီဖြစ်ပေမယ့်လည်း ဒီနှစ်မှာတော့ ချောင်းသာရော၊ ငွေဆောင်ရောက ၃ ပုံ ၂ ပုံလောက်ပဲ ဟိုတယ်တွေက ပြည့်သေးတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ညွှန်ကြရေးမှူး ဦးအောင်သူက ပြောပါတယ်။
“ကျနော်တို့ ချောင်းသာမှာလေ သင်္ကြန်တွင်း ဟိုတယ်တွေကို ဘိုကင်တင်ထားတာ ၃ ပုံ ၂ ပုံနီးပါးလောက်တော့ ပြည့်နေပြီဗျ။ ၁ ပုံလောက်တော့ ရှိသေးတာပေါ့။ ဒါ ချောင်းသာပေါ့။ နဂိုကြားရက်ထက်စာရင်တော့ များလာတာပေါ့။ ငွေဆောင်ကတော့ ၃ ပုံ ၂ ပုံ ကျော်ကျော်လောက်က ဘိုကင်ပြည့်နေပြီ။ အခု ကျနော်တို့ ငွေဆောင်မှာဆိုရင် ကျနော်တို့ဆီမှာ မှတ်ပုံတင်ထားတဲ့ ဟိုတယ်တွေ အကုန်လုံး ဖွင့်တယ် ငွေဆောင်မှာ။ ချောင်းသာမှာက ကျနော်တို့ ဟိုးအရင်ကတည်းက ယာယီပိတ်ထားတဲ့ ခရီးသွားရာသီ မတိုင်ခင်ကတည်းက သူတို့ ကိုဗစ်နောက်ပိုင်းမှာ တော်တော်အခက်အခဲရှိလို့ ပိတ်ထားတာ ၄ လုံးလောက်ကလွဲလို့ ကျန်တာ အကုန်ဖွင့်တယ်။ ပြီးခဲ့တဲ့နှစ်ကဆို ဒီအချိန်လောက် အပြည့်ရပြီ။ ဘိုကင်လုံးဝ ပြည့်သွားပြီပေါ့။ အခုကျတော့ ဘိုကင်က ၃ ပုံ ၂ ပုံနီးပါးပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ဒီအချိန်ဆိုရင် ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေက ဟိုတယ်တွေ ဘိုကင်ပြည့်နေပြီဖြစ်ပေမယ့် ဒီနှစ်မှာတော့ ငလျင်ဒဏ်၊ ဧရာဝတီတိုင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်နေလို့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ခရီးသွားလာမှုတွေက လျော့နည်းတာ ဖြစ်နိုငိတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်တဲ့သူတွေက ပြောပါတယ်။
ဒီကာလမှာ ဟိုတယ်တွေက မပြည့်သေးပေမယ့် သင်္ကြန်ကာလအနားနီးမှ ဧည့်သည်တွေက စုပြီး လာကြသေးတယ်လို့ ငွေဆောင်ကမ်းခြေက ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ယောက်က ပြောပါတယ်။
“ဒီနှစ်ကတော့ ပါးပါတယ်။ အခုကတော့ မပြည့်ပါဘူး။ ဟိုတယ်တွေက အခန်းတွေက ရှိပါသေးတယ်။ ဒီလို ငလျင်ဘေးတွေ ဘာတွေနဲ့ကျတော့ ဧည့်သည်က သိပ်မဆင်းတော့ဘူးလေ။ အဆက်အသွယ်တွေကတော့ မနှစ်ကနဲ့ စာလို့ရှိရင် ဒီနှစ်ကတော့ ပိုပါးတာပေါ့။ မနှစ်ကဆိုရင်တော့ အကုန်ပြည့်နေပြီ။ အခန်းတွေအကုန် ပြည့်နေပြီ။ ဒီနှစ်ကတော့ မပြည့်ဘူး၊ ကျန်ပါသေးတယ်။ အနားနီးမှ စုပြီး လာကြတာမျိုးတော့ ရှိတယ်လေ” လို့ ပြောပါတယ်။
ချောင်းသာကမ်းခြေမှာ လာမယ့် ဧပြီ ၉ ရက်ကနေ သင်္ကြန်ရုံးပိတ်ရက်ကာလအထိ ဈေးရောင်းပွဲတော်ကိုလည်း ကျင်းပသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာတော့ ရက်ပေါင်း ၂၀ တိုင်တိုင် ဈေးရောင်းပွဲတော်ကို ကျင်းပခဲ့ပါတယ်။
လာမယ့်သင်္ကြန်ရုံးပိတ်ရက်ကာလအတွက် ငွေဆောင်ကမ်းခြေမှာ ဟိုတယ် ၃၈ လုံး၊ ချောင်းသာမှာ ၃၂ လုံးနဲ့ ရွှေသောင်ယံမှာ ၆ လုံး ဖွင့်ထားတယ်လို့ သိရပါတယ်။