Home » ကလေး – တမူးလမ်းကြောင်း ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်တပ် ထိုးစစ်ဆင်

ကလေး – တမူးလမ်းကြောင်း ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်တပ် ထိုးစစ်ဆင်

by Homeland Author

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့ ကလေး – တမူး လမ်းကြောင်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက် စစ်တပ်က ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်လာပါတယ်။

ဇွန်လ ၇ ရက်နေ့က ကလေးမြို့ကနေ ချီတက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ကလေး – တမူး လမ်းကြောင်းပေါ်ရှိ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ အရှေ့ခုံသာ ကျေးရွာ၊ ၅၆ မိုင်ကျေးရွာ၊ ၅၅ မိုင်ကျေးရွာ နဲ့ တမူးမြို့ဘက်ကနေ ချီတက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ နန်းမွန်တားကျေးရွာ၊ ရန်လင်းပိုင် ကျေးရွာတို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က ကလေး – တမူး လမ်းကြောင်းတစ်လျှောက်ကို အမြန်ဆုံးပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေး စစ်ကြောင်းထိုးရာမှာ ရန်လင်းပိုင်ကျေးရွာအနီး တိုက်ပွဲတွေဖြစ်ပွားခဲ့ PDF စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ၎င်းတို့စခန်းကို စွန့်ခွာပြီး တဖက်နိုင်ငံထဲကို ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း ၁၀ ပေ ပတ်လည် ဘန်ကာပါ မောင်းတံဂိတ် ၁ ခု၊ ထရံကာလူနေအဆောက်အအုံ ၇ လုံး၊ သွပ်မိုးပျဉ်ကာ လူနေအဆောက်အအုံ ၃ လုံး၊ အိပ်ဆောင် ၃ လုံး၊ စစ်ရေးပြကွင်းနဲ့ လေ့ကျင့်ရေးကွင်း ၁ ကွင်း၊ ထရံကာမိုးဗဟိုကုန်း ဆေးပေးခန်း ၁ ခု၊ အချုပ်ခန်း ၁ ခု၊ ထမင်းစားဆောင် ၁ လုံး၊ ခဲယမ်းတိုက် ၁ လုံး၊ မီးစက်ထဲ ၁ လုံး၊ Tipper ကား ၁ စီး၊ loader ယာဉ် ၁ စီး၊ ကားသေး ၃ စီး၊ ၃ ဘီး ၁ စီး၊ ၁ လုံးထိုး သေနတ် ၂ လက်၊ ၆၀ မမဗုံးသီး ၅ လုံး၊ လက်ကိုင်စကားပြောစက် ၇ လုံး၊ မီးစက်အကြီး နဲ့ အခြား ဆက်စပ်ပစ္စည်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ဆိုပါတယ်။

စစ်တပ် စစ်ကြောင်းက ကလေး – တမူးလမ်းကြောင်းကို အမြန်ဆုံး ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် ရန်သူကို တိုက်ခိုက်ချေမှုန်းနိုင်ရေး နယ်မြေလုံခြုံရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက အိန္ဒိယ ဝန်ကြီးချုပ် မိုဒီရဲ့ဖိတ်ကြားချက်အရ ဦးမင်းအောင်လှိုင်ဟာ သမ္မတရာထူးယူပြီးတဲ့နောက် သူ့ရဲ့ ပထမဆုံးပြည်ပခရီးစဥ်အဖြစ် အိန္ဒိယနိုင်ငံကို ၅ ရက်တာ သွားရောက်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး – တမူး လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။

related posts

Leave a Comment