Home » အာဆီယံမှာ မြန်မာပါဝင်ခွင့်ရရေး ထိုင်းကူညီသွားမယ်

အာဆီယံမှာ မြန်မာပါဝင်ခွင့်ရရေး ထိုင်းကူညီသွားမယ်

by Homeland Author

အာဆီယံယန္တရားတွေနဲ့ လုပ်ငန်းစဉ်တွေမှာ မြန်မာနိုင်ငံရဲ့ အပြည့်အဝ ပါဝင်ခွင့်ရရှိရေးအတွက် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနဲ့ နီးကပ်စွာ ဆက်လက်လုပ်ဆောင်သွားဖို့နဲ့ ကူညီသွားဖို့ ထပ်လောင်းအတည်ပြုခဲ့ကြောင်း ထိုင်း-မြန်မာ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိစေရေးအတွက် အကူအညီ ဆောင်ရွက်ပေးရာမှာ ထိုင်းနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကို ကျေးဇူးတင်ကြောင်း ဆိုပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် (Five-Point Consensus) ကို လိုက်နာဖို့ ပျက်ကွက်တယ်ဟုဆိုကာ လက်ရှိ အချိန်ထိ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာအနေဖြင့် တက်ရောက်ခွင့်မရှိတာပဲ ဖြစ်ပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘုံအကျိုးစီးပွား မြှင့်တင်ရေးတို့အတွက် အာဆီယံ၊ ဘင်းမ်စတက် (BIMSTEC)၊ ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) နဲ့ မဲခေါင်ဒေသ ယန္တရားတွေ အပါအဝင် ဒေသတွင်း မူဘောင်တွေမှတဆင့် ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန် ပံ့ပိုးကူညီရေးတို့ကို တိုးမြှင့်သွားဖို့ နှစ်ဖက်စလုံးမှ သဘောတူခဲ့ကြပါတယ်။

ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ရဲ့ (၁၁) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ကျင်းပနိုင်ရေး မျှော်မှန်းခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာ – ထိုင်းနယ်စပ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်မယ့် ပူးတွဲကတိကဝတ်ကို နှစ်ဖက်စလုံးက ဖော်ပြခဲ့ကြပါတယ်။

နိုင်ငံဖြတ်ကျော်မှုခင်းတွေ အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုတွေနဲ့ မူးယစ်ဆေးဝါး ကိစ္စရပ်တွေကို တိုက်ဖျက်ရာမှာ ပူးတွဲကြိုးပမ်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။

နိုင်ငံဖြတ်ကျော်မှု မှုခင်းကွန်ရက်တွေရဲ့ ငွေကြေးစီးဆင်းမှုတွေကို ဖြတ်တောက်ဟန့်တားရေး ပူးတွဲဆောင်ရွက်မှုတွေနဲ့ သတင်းအချက်အလက် မျှဝေမှုတွေမှတစ်ဆင့် မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလိမ်လည်မှုစင်တာတွေကို နှိမ်နင်းဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား ညှိနှိုင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။

related posts

Leave a Comment