စစ်ဒေသအသီးသီးမှာ သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေအားလုံးနဲ့ လက်တွဲ၍ “ပြည်သူ့ခုခံတွန်းလှန်စစ်”မှသည် “မဟာဗျူဟာထိုးစစ်”သို့ တက်လှမ်းနိုင်ရေး ဦးတည်ပြင်ဆင် ဆောင်ရွက်သွားကြဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန တပ်မှူးကြီးများအစည်းအဝေးအပြီး ဒီနေ့ ဩဂုတ် ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
NUG ရဲ့ တပ်မှူးကြီးများအစည်းအဝေးကို ဩဂုတ် ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ ရက်တာ ကျင်းပ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
“ရှေ့လုပ်ငန်းစဉ်များချမှတ်ရာမှာ ညီညွတ်ရေးမူ (၃)ရပ်နဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ရဲ့ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးနဲ့ ကွပ်ကဲရေးကော်မတီမှာ မဟာဗျူဟာကျကျ ပါဝင်ဆောင်ရွက်နိုင်ရေးနဲ့ စစ်ဒေသအသီးသီးမှာ သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအားလုံးနဲ့ လက်တွဲ၍ “ပြည်သူ့ခုခံတွန်းလှန်စစ်”မှသည် “မဟာဗျူဟာထိုးစစ်”သို့ တက်လှမ်းနိုင်ရေး ဦးတည်ပြင်ဆင် ဆောင်ရွက် သွားကြ ဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြခြင်းလည်း ဖြစ်တယ်” လို့ ဆိုပါတယ်။
ဒီအစည်းအဝေးမှာ အတည်ပြုခဲ့တဲ့ လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး တိုင်းစစ်ဌာန (၁၀)ခု၊ တပ်မ (၁) ခု နဲ့ စစ်ရုံးချုပ် စစ်ဆင်ရေး၊ စစ်ရေး၊ စစ်ထောက်၊ စစ်ထောက်လှမ်းရေး၊ ပြည်သူ့လုံခြုံရေးဌာန၊ စစ်ဆင်ရေးရုံးတွေ၊ စစ်ဥပဒေရုံးနဲ့ ပကဖ စစ်ဘက်ရေးရာအရာရှိချုပ်ရုံး အသီးသီးတို့က စာတမ်းတွေ တင်သွင်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် စစ်ဦးစီးချုပ်၊ ဒုတိယ စစ်ဦးစီးချုပ်၊ စစ်ဦးစီးအရာရှိချုပ်တို့ရဲ့ လမ်းညွှန်ချက်ရယူခြင်း နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ NUG လက်အောက်ခံ PDF တွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နဲ့ ပူးပေါင်းပြီး စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက်ရှိနေပါတယ်။