Home » RCSS အမည်အသုံးပြု၍ ဆက်ကြေးလိမ်လည်တောင်းခံသူ ဖမ်းဆီးခံရ

RCSS အမည်အသုံးပြု၍ ဆက်ကြေးလိမ်လည်တောင်းခံသူ ဖမ်းဆီးခံရ

by Homeland Author

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ရဲ့ အဖွဲ့အစည်းအမည်ကို အသုံးပြုပြီး ဆက်ကြေးတောင်းခံတဲ့ စာရွက်အတုတွေ ပြုလုပ်ကာ ငွေကြေးလိမ်လည်တောင်းခံခဲ့သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီလို့ RCSS က ဩဂုတ် ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

RCSS ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လအတွင်း လူတစ်စုဟာ RCSS ရဲ့ အမှတ်တံဆိပ်နဲ့ လက်မှတ်တွေကို အတုလုပ်အသုံးပြုပြီး ဘဏ်တွေ၊ ကုန်သွယ်ရေးကုမ္ပဏီတွေနဲ့ ကုန်သည်တွေဆီကနေ ငွေကြေးအများအပြားကို ဆက်ကြေးအဖြစ် လိမ်လည်တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး RCSS တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ ဩဂုတ် ၅ ရက်နေ့မှာ ကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကျန်ပါဝင်ပတ်သက်သူတွေကိုလည်း ဆက်လက်ဖမ်းဆီးနိုင်ဖို့ ရှာဖွေနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

RCSS ဘက်ကတော့ ဒီလုပ်ရပ်ဟာ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ပြည်သူတွေ အထင်အမြင်လွဲမှားစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ကြောင်း၊ အဆိုပါ လိမ်လည်မှုတွေနဲ့ RCSS အဖွဲ့အစည်းဟာ လုံးဝသက်ဆိုင်ခြင်းမရှိဘူးလို့ အတည်ပြု ပြောကြားထားပါတယ်။

RCSS ဟာ အဖွဲ့အစည်းအမည်ကို အသုံးချပြီး ငွေကြေးလိမ်လည်ကောက်ခံသူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဩဂုတ်လအစောပိုင်းကတည်းက သတိပေးထားပါတယ်။

လက်ရှိ ဖမ်းဆီးရမိထားသူကို RCSS စစ်ဒေသတစ်ခုရဲ့ ဌာနချုပ်မှာ ထိန်းသိမ်းစစ်ဆေးနေကာ ဥပဒေနဲ့အညီ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။

related posts

Leave a Comment