ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ရဲ့ ဖိတ်ကြားမှုအရ ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဟာ ရခိုင်ဒေသသို့ သွားရောက်ခဲ့ပြီး AA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်မှ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၀) ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီ တွေ့ဆုံဆွေးနွေးမှုမှာ လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေ၊ ချင်းပြည်သူလူထုနဲ့ ရခိုင်ပြည်သူတွေအကြား အိမ်နီးချင်းကောင်းတွေပီသစွာ ရေရှည် အပြန်အလှန်အကျိုးပြုရေးတို့အတွက် ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေ့ဆက်ပူးတွဲလုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ချမှတ် နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ULA/AA အနေနဲ့ ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုဧည့်ခံခဲ့ကြပြီး ရခိုင်ဒေသတွင်းရှိ အထင်ကရနေရာတွေကိုလည်း လိုက်လံပြသ ပို့ဆောင်ပေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းရုံး/ချင်းပြည်သူ့တပ်မတော်က ဆိုပါတယ်။
ရခိုင်ဒေသသို့ ဖေဖော်ဝါရီလအတွင်းက သွားရောက်ခဲ့ပြီး နှစ်ပတ်ခန့်ကြာမြင့်ခဲ့တဲ့ အဲဒီ ခရီးစဉ်မှာ ချင်းပြည်သူ့အစည်းရုံး/ ချင်းပြည်သူ့တပ်မတော်အတွက် လေ့လာသင်ယူစရာတွေနဲ့ အကျိုးရှိတဲ့ ခရီးစဉ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။


