Home » TNLA လက်အောက်က လီဆူတပ်ဖွဲ့ဝင် ၂၀၀ ကျော် စစ်တပ်ထံ ပူးပေါင်း

TNLA လက်အောက်က လီဆူတပ်ဖွဲ့ဝင် ၂၀၀ ကျော် စစ်တပ်ထံ ပူးပေါင်း

by Homeland Author

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) လက်အောက်မှာ ရှိခဲ့တဲ့ လီဆူတပ်ဖွဲ့ဝင် ၂၀၀ ကျော်ဟာ မြန်မာစစ်တပ်ထံ ပူးပေါင်းလိုက်တယ်လို့ သိရပါတယ်။

ဦးဂူဆီ ဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင် အင်အား ၂၀၀ ဟာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာမှုကို ကြိုဆိုဂုဏ်ပြုတဲ့ အခမ်းအနားကို မိုးကုတ်မြို့မှာ ကျင်းပခဲ့ပါတယ်။

မိုးကုတ်မြို့မှာ ကျင်းပခဲ့တဲ့ အဲဒီအခမ်းအနားကိုတော့ အမျိုးသား ၁၇၈ ဦး၊ အမျိုးသမီး ၂၂ ဦး၊ စုစုပေါင်း ၂၀၀ ဦး တက်ရောက်ခဲ့ပြီး မောင်းပြန်သေနတ် ၇၈ လက်၊ ပစ္စတို ၃ လက်၊ လက်လုပ်သေနတ် ၃ လက်၊ ကျည်မျိုးစုံ ၁,၄၇၂ တောင့်နဲ့ ကျည်အိမ် ၈၄ ခုတို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ ပူးပေါင်းသွားတဲ့ လီဆူတပ်ဖွဲ့ဟာ မိုးကုတ်မြို့လုံခြုံရေးအတွက် TNLA နဲ့ ပူးပေါင်းပါဝင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့မှာ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို မြန်မာစစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက် လီဆူတပ်ဖွဲ့ဝင်တချို့ဟာ သူတို့ရဲ့ ဇာတိဒေသတွေကို ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ TNLA က ပြောကြားထားပါတယ်။

ဒါကြောင့် ဦးဂူဆီ ဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင်တွေဟာ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ လိုက်နာစောင့်ထိန်းရမယ့် ကတိသစ္စာကို ဖောက်ဖျက်ခဲ့တာကြောင့် TNLA နဲ့ သက်ဆိုင်မှုမရှိတော့ဘူးလို့လည်း ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲဒီတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး ပြည်သူတွေအပေါ် ဖိနှိပ်စော်ကားတာတွေ လုပ်ဆောင်လာပါက အရေးယူဆောင်ရွက်သွားမယ်လို့ TNLA က ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ ပူးပေါင်းသွားတဲ့ အဆိုပါ လီဆူတပ်ဖွဲ့ဝင်တွေဟာ လီဆူအမျိုးသား ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့အဖြစ် အသွင်ပြောင်းပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့တွေရဲ့ လုံခြုံရေးအတွက် စစ်တပ်နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သတင်းတွေအရ သိရပါတယ်။

related posts

Leave a Comment