ကသာခရိုင်အမှတ် (၃) တပ်ရင်း စစ်ဆင်ရေးနယ်မြေအတွင်း နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ စစ်တပ် နဲ့ ပတ်သက်ဆက်နွယ်တဲ့ စီးပွားရေး လုပ်ကိုင်တာ၊ စစ်တပ် ထုတ်ကုန်ပစ္စည်းတွေ ထောက်တိုင်သဖွယ် ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ဖို့ ဇူလိုင် ၂၂ ရက်စွဲနဲ့ သတိပေး ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ ပူးပေါင်းပြီး အလောင်းကစား၊ မူးရစ်ဆေးဝါးတွေ ပြုလုပ်ရောင်းချခြင်း၊ သတင်းပေးခြင်း၊ သတင်းယူခြင်း၊ သူလျှို (ဒလန်) လုပ်ခြင်းတွေ မပြုလုပ်ဖို့ကိုလည်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ တော်လှန်ရေးကို ပျက်စီးစေနိုင်တဲ့ တော်လှန်ရေး လမ်းကြောင်းပေါ် အနှောက်အယှက် အဟန့်အတားဖြစ်စေနိုင်တဲ့ စစ်တပ်နဲ့ ပူးပေါင်းမှုမျိုး၊ ပတ်သက်ဆက်နွယ်မှုမျိုး လုံးဝ မပြုလုပ်ဖို့လည်း ဆိုပါတယ်။
အကယ်၍ စစ်တပ်နဲ့ ဆက်လက်ပူးပေါင်းပတ်သက်ဆက်နွယ်နေပါက ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမယ်လို့ ကသာခရိုင်အမှတ် (၃) တပ်ရင်းက အသိပေးထားပါတယ်။
အလားတူ ကသာခရိုင် အမှတ် (၅) တပ်ရင်းနယ်မြေအတွင်း နေထိုင်ကြတဲ့ ပြည်သူတွေအနေဖြင့် ရွှေတူးဖော်ရေး လုပ်ငန်း နဲ့ တခြားသော စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြသူတွေအားလုံး စစ်တပ် နဲ့ ပတ်သက်ဆက်နွယ်ခြင်း မပြုလုပ်ကြဖို့၊ သွေးစွန်းငွေ မဖြစ်ကြဖို့ ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဧရာဝတီအရှေ့ခြမ်း မန္တလေး – ဗန်းမော် ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်း နဲ့ အင်းကြီး – ညောင်ပင်ကွင်းလမ်း၊ ပြည်ထောင်စုလမ်းမကြီးမှ ခွဲထွက်တဲ့ လမ်းသွယ်တွေအားလုံးအပါ ကသာခရိုင် အမှတ် (၅) တပ်ရင်းနယ်မြေအတွင်း လမ်းပိုင်းဧရိယာတွေမှာ ဇူလိုင် ၂၀ ရက်နေ့မှစ၍ ည ၇ နာရီမှ မနက် ၅ နာရီအတွင်း အဲဒီလမ်းပိုင်း၊ လမ်းသွယ်တွေမှာ သွားလာခြင်း မပြုလုပ်ကြဖို့ ပိတ်ပင်ထားပါတယ်။
အဲဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး လိုက်နာပေးကြဖို့နဲ့ မလိုက်နာမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ကြောင်းလည်း ကသာခရိုင် အမှတ် (၅) တပ်ရင်းက ဆိုပါတယ်။