Home » ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲခြင်းမှ KIA ရပ်တန့်ဖို့ TNDP ပြော

ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲခြင်းမှ KIA ရပ်တန့်ဖို့ TNDP ပြော

by Homeland Author

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အနေဖြင့် နှစ်နှစ်နီးပါးကြာလာပြီဖြစ်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းကို လုံးဝရပ်တန့်ဖို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) က ဩဂုတ် ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်တွင်ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းလာကြတဲ့အခါ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးအသီးသီးတို့မှာ စစ်ပွဲတွေကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးကြရပြီး စစ်ဘေးရှောင်ဘဝဖြင့် တစ်နယ်တစ်ကျေးမှာ ဒုက္ခကြီးစွာရောက်ကြရတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာ KIA တို့မှ မိုးမောက်မြို့၊ မံစီမြို့တွေကို သိမ်းပိုက်ပြီး ဗန်းမော်မြို့ကို တိုက်ခိုက်ခဲ့ကြောင်း ပြည်သူလူထုတွေဟာ အနီးဆုံးမြို့ဖြစ်တဲ့ ရွှေကူမြို့သို့ စစ်ဘေးတိမ်းရှောင် နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

KIA တို့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာဟာ တစ်နှစ်ကျော်နှစ်နှစ်နီးပါးရှိလာပါပြီဖြစ်ပြီး KIA တို့ဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF တွေကို ဆင့်ခေါ်၍လည်းကောင်း၊ ဒေသခံတိုင်းရင်းသားလူမျိုးတွေကို အတင်းအကြပ်ဖမ်းဆီး၍လည်းကောင်း အင်အား စုဆောင်းကာ ဗန်းမော်စစ်မြေပြင်သို့ စေလွှတ်ခဲ့တယ်လို့ TNDP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုင်းရင်းသားလူငယ်လူရွယ် မြောက်မြားစွာတို့မှာ ဗန်းမော်စစ်မြေပြင်မှာ သေကြေကြရပြီး အချို့မှာမသန်မစွမ်းဘဝသို့ ရောက်ကြရတယ်လို့ ဆိုပါတယ်။

KIA တို့ဟာ မိုးမောက်၊ မံစီ၊ ဗန်းမော်မြို့တွေရှိ စစ်ရှောင်သွားကြတဲ့ ပြည်သူလူထုနေအိမ်တွေကို ဖောက်ထွင်းကာ အိမ်တွင်းပစ္စည်းတွေကို ကားကြီးကားငယ်တွေနဲ့ သယ်ဆောင်၍ ၎င်းတို့ထိန်းချုပ်ထားရာ မြို့သစ်၊ မင်းဂျမ်းနဲ့ လွယ်ဂျယ်မြို့တွေမှာ ရောင်းချနေကြတာကို တွေ့ရှိရတယ်လို့ TNDP က ပြောပါတယ်။

KIAတို့ အပြောတစ်ခြား၊ အလုပ် တစ်ခြားနဲ့ မြန်မာနဲ့ ကမ္ဘာကို လှည့်ပတ်လိမ်လည်နေခြင်းဟာ အမုန်းတရားကို ပိုမိုကြီးထွားလာစေကြောင်းလည်း ဆိုပါတယ်။

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ

စစ်ဘေးရှောင်အများစု နေထိုင်ကြတဲ့ ရွှေကူမြို့ကို စားနပ်ရိက္ခာပို့ဆောင်၍မရအောင် KIA မှ ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းပေးဖို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နှစ်နှစ်နီးပါးကြာလာပြီဖြစ်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းကို လုံးဝရပ်တန့်ဖို့နဲ့ ဗန်းမော်၊ မိုးမောက်၊ မံစီမြို့တွေရှိ KIA တို့ ခြွင်းချက်မရှိ ဆုတ်ခွာပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

မည်သည့်အမုန်းတရားကိုမျှ ဖန်တီးလုပ်ဆောင်ခြင်းမပြုဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေးကို ရှေ့ရှု၍ ပြည်သူလူထုအပေါ် စိတ်ရင်းစေတနာမှန်နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြဖို့ TNDP က တိုက်တွန်းပါတယ်။

ဒါ့အပြင် ပြည်သူလူထုတစ်ရပ်လုံးပါဝင်တဲ့ ပြည်သူ့လုံခြုံရေးကို နိုင်ငံတော်အစိုးရမှ စနစ်တကျစီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

လက်ရှိမှာလည်း KIA ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်တို့မှာ တိုက်ပွဲတွေ ဖော်ဆောင်လျက်ရှိနေပြီး အရပ်သားသေဆုံးမှု၊ နေအိမ်ပျက်စီးမှု၊ ဒေသခံပြည်သူတို့ ဘေးကင်းရာတိမ်းရှောင်ရမှုတွေ ဖြစ်ပေါ်လျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment